မကွေးတိုင်းအတွင်းက စစ်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်မတော်တို့က စက်တင်ဘာ ၂၄ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တာဝန်ရှိသူတဦးက ''ဒီနယ်မြေအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီအလိုတော်ကျ ဆောင်ရွက်ပေးနေတဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ အသီးသီးကဝန်ထမ်းကို အလုပ်ကနေနုတ်ထွက်ကြဖို့ နောက်ဆုံးအကြိမ်သတိပေးတာပါ။ စစ်တပ်ကို ကျွန်ခံချင်စိတ်တွေဖျောက်ကြပါ။ ကြော်ငြာထားပြီးဖြစ်လို့ လိုက်နာမှုမရှိရင်တော့ အဆိုးမဆိုကြနဲ့” လို့ ပြောပါတယ်။
ရေစကြိုမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်မတော် (YSO-PDF) ကလည်း သတိပေးထားတယ်လို့လည်း သိရပါတယ်။
“ရေစကြိုမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံး ထောက်တိုင်တွေဖြစ်တဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအားလုံး စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ အထူးသတိပေးလိုက်တာပါ။ နုတ်ထွက်ဖို့ပျက်ကွက်ရင်တော့ အကြမ်းဖက်စစ်ကောင်စီရဲ့အလိုတူ အလိုပါလို့သတ်မှတ်ပြီး ချေမှုန်းသွားမှာပါ'' လို့ YSO-PDF ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
မကွေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး တောင်တွင်းကြီးမြို့နယ်ကို အင်တာနက်ဖြတ်တောက်ကာ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ဂန့် ဂေါ၊ မြိုင်၊ ထီးလင်း စတဲ့မြိုနယ်တွေကို ဒီနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။