ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ထဲက ကျေးရွာတွေကို အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် အကြောင်းပြကာ စစ်ကောင်စီက ငွေအတင်းအဓမ္မကောက်ယူတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ သြဇာခံကျေးရွာအုပ်ချုပ်ရေးမှူးတွေက ကျေးရွာ အုပ်စု ၁ စုကို ၁၅ သိန်းကနေ သိန်း ၂၀ အထိရအောင် ကောက်ယူနေတာကြောင့် စားဝတ်နေရေးမပြေလည်သူတွေပါ မဖြစ်မနေ ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံခြုံရေးအရအမည်အဖော်လိုတဲ့ သာပေါင်းဒေသခံတဦးက "အရင်ကဆို သဒ္ဒါသလောက်ထည့်ခိုင်းတာ ဘာလုပ်လုပ် အဲ့ပုံစံသွားတာ။ ခုက ခေတ်ကမကောင်းတဲ့ကြားထဲ အေးဓားမြတိုက်သလို ပုံစံဖြစ်နေတယ်။ ရှိတဲ့သူလည်း ထည့်၊ မရှိသူလည်းထည့်ဆိုတဲ့ ပုံစံကြောင့် တချို့ဆို စားဖို့မရှိတဲ့ကြားက ကြောက်လို့ ပိုက်ဆံချေးထည့်ပေးရတာတွေရှိတယ်” လို့ ပြောပါတယ်။
ကျေးရွာအုပ်စု ၁ စုကို ၁၅ သိန်းကနေ သိန်း ၂၀ ကြားရရှိဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်တပ်သတင်းပေးတွေပေါင်းပြီး အိမ် ၁ အိမ်ကို ၃ ထောင်ကနေ စက်လှေနဲ့ စျေးဆိုင်ရှိရင် ၅ သောင်း စတဲ့နှုန်းထားတွေခွဲပြီး ကောက်ခံနေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းကမြို့နယ်တွေမှာ ဒေသခံပြည်သူတွေ စုပေါင်းအလှူငွေနဲ့ရရှိလာတဲ့ အောက်ဆီဂျင်စက်ရုံတွေကိုလည်း စစ်ကောင်စီက လိုက်လံထိန်းချုပ်ထားတယ်လို့ သိရပါတယ်။