ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှာ စက်တင်ဘာ ၂၃ ရက် ညက အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်အလုပ်မှုဆောင် မမီးလေး အပါဝင် လူငယ် ၁၀ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
တာတပေါကျေးရွာမှာနေထိုင်တဲ့ အန်အယ်လ်ဒီပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင် မမီးလေး အပါအဝင် လူငယ် ၁၀ ဦးကို မနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်တပ်က အင်အား ၅၀ လောက်နဲ့ ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"လက်နက်အပြည့်အစုံနဲ့ အင်အား ၅၀ လောက်နဲ့လာတာ။ အဖမ်းခံရတာ ၁၀ ယောက်ကျော်လောက်ရှိမယ်။ အဲ့မှာ ဆရာ ဆရာမတွေလည်း ပါသွားတယ်။ မမီးလေးအပြင်ပါတာကိုပြောတာ''လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ မမီးလေးရဲ့ အမျိုးသားဖြစ်သူကတော့ လာရောက်ဖမ်းဆီးချိန်မှာမရှိတာကြောင့် လွတ်မြောက်ခဲ့ပေမယ့် စစ်တပ်နဲ့ရဲက ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။
မမီးလေးအပါဝင် ဖမ်းဆီးခံရသူ ၁ဝ ဦးကို ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်ထားတယ် ဘာကြောင့် ဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မအူပင်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရပ်ရွာအကျိုးဆောင်ရွက်နေတဲ့ အပြစ်မဲ့ပြည်သူတချို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့မှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၅၀ ကျော်ထိ ရှိလာပြီလို့ သိရပါတယ်။