ချင်းပြည်နယ် ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေး ဒလန်ပေးဆိုပြီး လူသိများသူ ၁ ဦး မနေ့ညက သေနတ်နဲ့ အပစ်ခံရပြီး အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟားခါးမြို့ မြို့သစ်ရပ်ကွက်မှာ ရန်နိုင်လင်းကို ဒလန်ရှင်းလင်းရေးအဖွဲ့တစ်ခုက သေနတ်နဲ့ ၃ ချက်ပစ်ခဲ့လို့ ဦးခေါင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး အပြင်းထန် ဒဏ်ရာရရှိကာ ဟားခါးဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဟားခါး မြို့ခံတစ်ယောက်က DVB ကိုပြောပါတယ်။
ရန်နိုင်လင်းဟာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်သလို နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေတာကြောင့် အခုလို သေနတ်နဲ့ အပစ်ခံရတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ ရန်နိုင်လင်းရဲ့ နေအိမ်အနီးမှာ နေရာယူထားပြီး အနီးပတ်ဝန်းကျင်က နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေပြုလုပ်သလို လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း တားမြစ်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။