ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေလို့ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်းနိုင်တယ်လို့င မိုးဇလဌာနက စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီမှာ အသိပေး ထုတ်ပြန်ထားပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက် ၂၄ နာရီအတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်သလို ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက် မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံမိုးသက်လေပြင်းကျရောင် လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင် (၄၀)အထိတိုက်ခတ်နိုင်သလို လှိုင်းအမြင့် (၉)ပေမှ (၁၁)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်တိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေးတွေ၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလဌာနက အသိပေးနှိုးဆော်ထားပါတယ်။