Home
မြန်မာသတင်း
ပန်ဆိုင်း၊ မန်မိုင်ရွာတွင် ဈေးသည်တစ်ဦး ပစ်သတ်ခံရ
DVB
·
September 23, 2021
241935070_617606872944711_5106301678506712646_n

ရှမ်းပြည်နာ်မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ၊ မန်မိုင်ရွာမှာ လှည့်လည် ဈေးရောင်းနေတဲ့ ဆိုင်ကယ်ဈေးသည် အမျိုးသားတစ်ဦး စက်တင်ဘာ ၂၂ ရက်နေ့  မနက် ၉ နာရီကျော်လောက်က အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ သေနတ်နဲ့ ပစ်သတ်ခံရကြောင်း ဒေသခံတွေနဲ့ လူမှု ကူညီရေးအသင်း တွေဆီက သိရပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက "ကျနော့်ဆီ ဖုန်းဆက်တာတော့ ၁၁ နာရီ ဝန်းကျင်လောက်ရှိမှာပေါ့။ အဲဒါ ပန်ဆိုင်း လူမှု ကူညီရေးအသင်းကနေ အကူအညီတောင်းတာ။ ပန်ဆိုင်းဈေးကနေပြီးတော့မှ ဒီ ကျင်စန်းကျော့ သွားတဲ့ဘက်ပေါ့။ ကျနော်တို့ ပန်ဆိုင်း လူမှုကူညီရေးအသင်းက အကူအညီတောင်းလာလို့ သွားသယ်ပေးတာပေါ့နော်" လို့ DVB ကိုပြောပါတယ်။

သေဆုံသွားတဲ့သူက ဆိုင်ကယ်နဲ့ တံမြက်စည်း၊ ကြက်မွေး၊ ဆန်ကောတွေ ဆိုင်ကယ်နဲ့ ရွာတွေဘက် လှည့်ပတ်ရောင်းနေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲစုရွာက အသက် ၃၀ ကျော်အရွယ် ချမ်းငြိမ်းအောင်ဆိုသူဖြစ်ပြီး ဘယ်ရင်အုံနား၊ ရင်ညွန့်အောက်ဘေးနားနဲ့ ညာနံရိုးတို့မှာ သေနတ်ကျည်ထိမှန် ဒဏ်ရာ သုံးချက်နဲ့ သေဆုံး‌နေတာလို့ ဆိုပါတယ်။

သေဆုံးသွားသူက မိသားစုနဲ့အတူ မူဆယ်မြို့မှာနေထိုင်တာလို့ ပါဝင်ကူညီပေးသူ တစ်ဦးက ပြောပါတယ်။

အဲလိုမျိုး ဖြစ်စဉ်တွေကို ထပ်မံဖြစ်လာမှာ စိုးရိမ်‌ကြကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူ‌‌တွေရဲ့ ခွင့်ပြုချက်အရ မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူ ဆိုပါတယ်။

ဈေးသည် အမျိုးသားအား ဘာကြောင့် ပစ်သတ်တယ်ဆိုတာနဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ဓာတ်ပုံ -  မိုင်းယု ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024