ချင်းအမျိုးသားအဖွဲ့၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF နဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) PDF (Kalay) တို့ ညီနောင်မဟာမိတ်များအဖြစ် အတူတကွ ပေါင်းစည်းကြဖို့ သစ္စာပြုလိုက်ကြပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ဖို့ လက်နက်ကိုင်တော်လှန်နေကြတဲ့ အဖွဲ့များစွာအနက် နယ်နိမိတ်ထိစပ်မှုရှိပြီး နိုင်ငံရေးရည်မှန်းချက်တွေ တူညီကြတဲ့ ကာကွယ်ရေး တပ်ဖွဲ့အချင်းချင်း ညီနောင်မဟာမိတ်ပြုလိုက်ကြတာလို့ စက်တင်ဘာ ၂၁ ရက်နေ့က ပူးတွဲကြေညာခဲ့တာပါ။
ပြည်သူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို သတ်ဖြတ်ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေ၊ လက်ပါးစေတွေနဲ့ ယန္တရားတွေကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ မြေလှန်ဖျက်ဆီး သွားမယ်လို့ ဆိုပါတယ်။
သူတို့မဟာမိတ်နှစ်ဖွဲ့ရဲ့ ပူးပေါင်းစစ်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူတွေကလည်း တတ်အားသရွေ့ ပူးပေါင်းပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုက စစ်ကောင်စီတပ်တွေကို ခုခံကာကွယ်တော်လှန်စစ်ကို ဆင်နွှဲကြရာမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဟာ တခြားဒေသတွထက် တိုက်ပွဲတွေပိုမိုများပြား ပြင်းထန်နေပါတယ်။