ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ စက်တင်ဘာ ၂၂ ရက်က ဗုံး ၂ ကြိမ်ပေါက်ခဲ့ပြီး စည်ပင်ဝန်ထမ်းတယောက် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၆ နာရီကျော်က စည်ပင်သာယာရုံးထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်တာတော့ မရှိဘူးလို့ သိရပါတယ်။
“ထိခိုက်ပျက်စီးတာ နည်းနည်းရှိတယ်။ စည်ပင်ဝန်းထဲက ကားထားတဲ့နေရာမှပေါက်တာ။ ပေါက်ပြီးတော့ စစ်သားတွေက မြို့ထဲမှာ ကင်းလှည့်တာ တော်တော်များတယ်။ စည်ပင်ဝန်ထမ်း တယောက်ကို ဖမ်းထားတယ်လို့လည်း သိရတယ်။ သူ့နာမည်က စောလက်ကီးတဲ့။ အခုထိတော့ ပြန်မလွတ်သေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
စောလက်ကီးကို ဘာကြောင့် ဖမ်းဆီးတယ်၊ လက်ရှိ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာတော့ မသိရ သေးပါဘူး။
မနေ့ည ၉ နာရီလောက်မှာ ညောင်တုန်းမြို့က ဗိုလ်မြတ်ထွန်းတံတားမှာလည်း ပေါက်ကွဲတာ ဖြစ်ခဲ့သေးတယ်လို့ သတင်းထွက်ပေမဲ့ တိတိကျကျတော့ မသိရသေးပါဘူး။
“ဒီ မနက် ၁၁ နာရီလောက်မှာ စစ်သား ၃၀ လောက် လက်ပံချောင်းရွာဘက်ကို ဆင်းသွားတယ်။ မြို့ထဲမှာတော့ ယူနီဖောင်းနဲ့ သိပ်မတွေ့ဘူး။ အရပ်ဝတ်တွေနဲ့ သွားလာကြတာမျိုးတော့ တွေ့ရတယ်။ ထပ်ပြီး ဖမ်းဆီးတာတော့ မကြားဘူး” လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်က ညောင်တုန်းမြို့ထဲမှာ မိုင်တဲလ်တာဝါတိုင် ၂ တိုင် ဖောက်ခွဲဖျက်ဆီး ခံခဲ့ရပါသေးတယ်။