မန္တလေးတိုင်း၊ မိုးကုတ်မြို့က ဂေါက်ကွင်း (ရွှေပြည်အေး ဦးပိုင်လုပ်ကွက်ဟောင်း) ကျောက်မျက်တွင်းလုပ်ကိုင်နေသူတွေထံကနေ စစ်ကောင်စီက ဆက်ကြေးကောက်နေပေမဲ့ အလုပ်လုပ်ခွင့်မပေးတဲ့အပြင် တပ်ကလူတွေက စက်တင်ဘာ ၂၂ ရက် မနေ့ညပိုင်းမှာ မြေကော်စက်တွေနဲ့ ကျောက်တွင်းတွေကို မြေလိုက်ဖို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တွင်းဆင်းဖို့ သူတို့ကို ၁ လ ကျပ်သုံးသိန်းပေးရတာ၊ ကျောက်ရရ မရရ၊ ဆက်ကြေးပေးရတယ်။ ပေးလည်း ပေးပြီးရော တွင်းပေးမလုပ်တော့ဘူး။ ခုလည်း စက်တွေနဲ့ မြေဖို့နေပြီ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဂေါက်ကွင်း(ရွှေပြည်အေး ဦးပိုင်လုပ်ကွက်ဟောင်း)မှာ ကျောက်မျက်တွင်းလုပ်ဖို့ စစ်ကောင်စီတပ်တွေကို ကျောက်ရရ၊မရရ တစ်လ ၃ သိန်းပေးခဲ့ရပြီး စက်တင်ဘာ ၁၈ ရက်ကနေစကာ ကျောက်မျက်လုပ်ကိုင်ခွင့်မပေးတော့ဘူးလို့ ဆိုပါတယ်။
"တွင်းက ပေးမဆင်းတော့ဘူး။ ငါးရက်လောက်ရှိပြီ၊ ဆင်းရင်းပစ်မိန့် ပေးထားတယ်။ ဒီနေ့မှ မြေကော်စက်တွေနဲ့ လာဖို့သွားတာ " လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကျောက်မျက်တွင်း တနိုင်တပိုင်လုပ်ကိုင်ဖို့ ငွေပေးထားရပြီးနောက် စစ်ကောင်စီတပ်တွေက လုပ်ငန်းခွင် ပေးမဆင်းတော့တာကြောင့် တနိုင်တပိုင်လုပ်ကိုင်သူတွေအတွက် အခက်ခဲရှိနေ တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေက အရင်တုန်းကလည်း ကျောက်မျက်တွင်းမှာရှိတဲ့ တဲတွေကို လာရောက် ဖျက်ဆီး သိမ်းဆည်းခဲ့ဖူးပါတယ်။