စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက် ပြည်တော်သာတိုက်တန်းမှာနေတဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီက အတင်းအကျပ်ဖယ်ရှားခိုင်းလို့ CDM ဝန်ထမ်းတချို့ စက်တင်ဘာ ၂၂ ရက်မနက်ပိုင်းက ပြောင်းရွှေ့နေကြရပါတယ်။
မြို့ခံတစ်ဦးက “ဒီနေ့ရွှေ့ပြောင်းနေကြတာမြင်တယ်၊ ကားကြီး ကားလေးအစုံပဲ။ CDM ဝန်ထမ်းတွေကို တိုက်ခန်းတွေကနေ ဖယ်ခိုင်းတာတွေရှိသလို တချို့ကိုဖမ်းဆီးသွားတယ်လို့တော့ ကြားတယ်” လို့ ပြောပါတယ်။
ပြည်တော်သာတိုက်တန်းဝန်ထမ်းအိမ်ရာကို စက်တင်ဘာ ၁၅ ရက် ညကလည်း ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ ဝင်ရောက်စီးနင်းပြီး စစ်ဆေးတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှာရှိတဲ့ ဌာနပေါင်းစုံက ဝန်ထမ်းတွေဟာ စီးပွားရေးနဲ့ အသက်အန္တရာယ်ကို ပဓာနမထားဘဲ စစ်အာဏာဆန့်ကျင် တော်လှန် CDM လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။