ထိုင်းတောင်ပိုင်း၊ ဖူးကက်ခရိုင်၊ ဖူးကက်မြို့ထဲမှာ ထိုင်းအမျိုးသမီးတစ်ဦးကို ပိတ်လှောင်ထားပြီး မုဒိမ်းကျင့်ခဲ့မှုသံယယနဲ့ မြန်မာအမျိုးသား ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ မတ်တီချွန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၇ နှစ်ရွယ်ရှိ ညီညီနိုင်ဆိုသူ မြန်မာအမျိုးသားဟာ အသက် ၃၀ နှစ်ကျော်ရှိ ထိုင်းအမျိုးသမီးတစ်ဦးကို လှောင်ပိတ်ပြီး အပေါင်းပါ ၂ ယောက်အကူအညီနဲ့ မုဒိမ်းကျင့်ကြံခဲ့ ကြောင်း တိုင်ကြားချက်အရ ဖူးကက်မြို့နယ် ရဲစခန်းတာဝန်ရှိသူတွေဟာ သူ့ကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ဖူးကက်မြို့ ရတ်ဆဒါးရပ်ကွက် နယ်မြေ ၇ အိမ်အမှတ် ၆၅/၃၅ မှာ ဖမ်းဆီးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်က ညီညီနိုင်ဟာ ထိုင်းအမျိုးသမီး ၁ ဦးကို ဖူးကက်မြို့ တိုက်ခန်းတစ်ခန်းမှာထားပြီး သူ့ရဲ့အပေါင်းပါ နှစ်ဦးက ဖမ်းချုပ်စေကာ မုဒိမ်းကျင့်ခဲ့ကြောင်း၊ သူ့ကိုပိတ်လှောင်ထားစဉ် အဆိုပါအမျိုးသမီးက တိုက်ခန်းခေါင်မိုးပေါ်တက်သွားပြီး အိမ်ချင်း ကပ်နေတဲ့ တဘက်က အိမ်ခေါင်မိုးပေါ်ခုန်ချ၊ အဲယားကွန်းပိုက်လိုင်းကနေ တွယ်ဆင်း လွတ်မြောက်လာခဲ့တယ်လို့ ရဲစခန်းတာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။
ထိုင်းအမျိုးသမီးက ရဲစခန်းမှာ တိုင်ကြားထားတာကြာပြီဖြစ်ပေမယ့် အရေးယူပေးတာ မတွေ့ရကြောင်း ၊ ရဲစခန်းကို လှမ်းမေးတော့လည်း သူရဲ့ ဆေးစစ်ချက်အဖြေမထွက်သေးဘူးလို့ပဲ အကြောင်းပြန်ခဲ့ တယ်လို့ ဆိုပါတယ်။
ညီညီနိုင်က သူ့ကိုမုဒိမ်းကျင့်ပြီးနောက် တိုင်ချင်တဲ့နေရာတိုင် ငါနဲ့ရဲတွေက တဖွဲ့တည်းပဲ ၊ ဦးနှောက်မရှိတဲ့ရဲပဲ နင်ပြောတာကို ယုံမယ်လို့ ပြောကြားခဲ့ကြောင်း ၊ သူဟာ တကယ်လည်း ထိုင်းရဲတွေနဲ့ တွဲနေတဲ့ လူလည်တယောက်လို့ မုဒိမ်းကျင့်ခံရသူအမျိုးသမီးက ပြောပါတယ်။
ရဲတွေရဲ့ အရေးယူဆောင်ရွက်ချက်နှောင့်နှေးတာကြောင့် ထိုင်းမှာပြည်သူ့အခက်အခဲတွေကို အမြဲဖော်ပြနေတဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ စက်တင်ဘာ ၂၀ ရက်က အမှုဖွင့်စာနဲ့အတူ ပို့စ်တင်ခဲ့ပြီး ထိုင်းရဲအပေါ် ဝေဖန်မှုတွေမြင့်တက်လာကြောင်း ၊ ၂၁ ရက်နေ့မှာမှ တရားခံကို သွားရောက်ဖမ်းဆီးပေးတာလို့ အဆိုပါအမျိုးသမီးက သတင်းထောက်တွေကို ပြောပါတယ်။ ကိုးကား - https://www.khaosod.co.th