မကွေးမြို့မှာ စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက် ဒီနေ့မနက်အထိ မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယာဥ်တွေ ဆက်တိုက်အတက်အဆင်းပြုလုပ်နေတယ်လို့ လေတပ်စခန်း အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
မကွေးလေတပ်စခန်းဌာနချုပ်က တိုက်လေယာဥ်တွေဟာ နေ့ပိုင်းရော ညပိုင်းပါ အကြိမ်ရေ ၂၀ ထက်မနည်း ဆက်တိုက်ပျံတက်နေတာကြောင့် နားတွေအူနေတယ်လို့ လေတပ်စခန်းအနီးက ဒေသခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီလေတပ်စခန်းမှာ NUG အစိုးရက ပြည်သူ့ တိုက်ပွဲခေါ်သံ စတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်ကလည်း တိုက်လေယာဥ်တွေ ဆက်တိုက်ပျံသန်းခဲ့ပါတယ်။
အခုရက်ပိုင်းမှာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသလို NUG အစိုးရက တိုက်ပွဲအရှိန်မြှင့်မယ်လို့ ပြောထားချိန်မှာ ခုလို စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ ခပ်စိပ်စပ် ဆက်တိုက် အတက်ဆင်းလုပ်နေကြတာလို့ ဆိုပါတယ်။
မကွေးလေတပ်စခန်းဌာနချုပ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ပြည်သူ့တော်လှန်ရေးအင်အားစု PRA က ရှော့တိုက်ဒုံး ၄ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို သြဂုတ်လ ၈ ရက် ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းမှတ်အနေနဲ့ ဗိဿနိုး PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။