မကွေးတိုင်း၊ စလင်းမြို့နယ်က အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးသက်ခိုင်ကို စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဒုတိယအကြိမ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နီးစပ်သူတဦးက “ရဲနဲ့စစ်သားတွေက စခန်းခဏလိုက်ခဲ့ပါဆိုပြီး လာခေါ်သွားတာ။ ပြန်မလာလို့ စုံစမ်းကြည့်တော့မှ စလင်းမြို့ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရတာပါ” လို့ ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်ဟာ အကြမ်းဖက်စစ်ကောင်စီက အာဏာစသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာကာ အခုဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရတာလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စလင်းမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင် ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ဒီဗွီဘီက စလင်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ အထက်အမိန့်အရ ဖြေဆိုခွင့်မရှိဘူးလို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
မကွေးတိုင်း၊ အောင်လံမြို့မှာလည်း စက်တင်ဘာ ၂၁ ရက်နေ့မနက်ပိုင်းမှာ ပြည်မြို့က ပရဟိတသမား ကိုမျိုးနိုင်နဲ့အတူ နောက် ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။