ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာ စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက အသက် ၆၀ ကျော်နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်ထိုက်ကို ရှောင်တိမ်းနေတဲ့နေအိမ်မှာ စစ်ကောင်စီတပ်က အကြမ်းဖက်လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် နိုင်ငံရေးအကျဥ်းသားဟောင်းဖြစ်တဲ့ ဦးဇော်ထိုက်ဟာ စစ်တပ်အာဏာမသိမ်းမီကတည်းက လေဖြတ်ထားသူဖြစ်ပြီး နိုင်ငံရေးမလုပ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
မြို့ခံ နိုင်ငံရေးသမားတဦးက “အာဏာမသိမ်းခင် ၃ လလောက်ကတည်းက လေဖြတ်နေတာ၊ ဒီတော်လှန်ရေးမှာ ဘာမှလုပ်နိုင်တာမဟုတ်ဘူး၊ ဒလန်က သတင်းပေးလို့ အဖမ်းခံရတာ။ သူက သူ့ရောဂါနဲ့သူ ဘာမှမလုပ်နိုင်လို့ ရှောင်နေတာပါ” လို့ ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်ထိုက်ကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက နေအိမ်မှာ ညနေ ၅ နာရီလောက်က လာဖမ်းသွားပြီး ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးသလို ကျန်းမာရေးအတွက် စိတ်ပူနေရတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ပြည်သူ ၈၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။