ပခုက္ကူမြို့မှာ သတင်းပေး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားပါတယ်။
၂၀ ရက်နေ့ည ၁၁ ခွဲလောက်က ပခုက္ကူမြို့ ဆင်ပေါက်လှရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အမျိုးသား ၃ ဦးလုံးက သူတို့သတ်တာမဟုတ်ကြောင်း ငြင်းဆန်ပေမယ့် ရဲတွေက ရိုက်နှက်ခေါ်ဆောင်သွားတာလို့ မျက်မြင်တဦးက ပြောပါတယ်။
“မင်းတို့ ဝန်မခံမချင်း မင်းတို့ မိသားစုဝင်တွေကို ဖမ်းထားပြီး ပြန်မလွှတ်ဘူးလို့ ခြိမ်းခြောက်ပါတယ်။ ပထမဦးဆုံး အဖမ်းခံရတဲ့သူကို ရှေ့ကနေပြေးစမ်းဆိုပြီး ပြောပါတယ်။ ဟိုအကိုက ဘာမှမသိရှာတော့ မပြေးပဲ လုပ်သမျှပဲခံနေတော့ အပစ်မခံရပါဘူး။ နောက်ပြီး အဲ့အကိုရဲ့ မိန်းမကလည်း ဗိုက်ကြီးကြီးနဲ့ မွေးခါနီးနေပါပြီ။ အပြစ်မရှိတဲ့ သူတွေကို သူတို့တပ်ချင်တဲ့ ခေါင်းစဉ်တွေတပ် အတင်းစွပ်စွဲပြီး သေလောက်အောင် ရိုက်နှက်ဖမ်းခေါ်သွားတာပါ။”
ဖမ်းဆီးခံရသူတဦးရဲ့ ညီမဖြစ်သူတွေကိုလည်း စစ်ကောင်စီတပ်က ခေါ်ဆောင်သွားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတဲ့အပြင် ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေကိုလည်း သိမ်းယူသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
သူတို့ ၃ ဦးလုံးကို မိသားစုဝင်တွေ တွေ့ခွင့်ရဖို့ ညှိနှိုင်းတာတွေ လုပ်ဆောင်ပေမယ့် တွေ့ခွင့်မရရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီသတင်းပေးလို့ လူသိများတဲ့ ဘဲဥဆိုသူဟာ စက်တင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက သေနတ်နဲ့ပစ်ခံခဲ့ရတာလို့ ဒေသခံတွေဆီက သိရပါတယ်။