စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုး ကို စစ်တပ်က ဖမ်းဆီးထားတာ ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ၃ ရက်မြောက်ရှိသွားပြီ ဖြစ်ပါတယ်။
မအေးနန္ဒာစိုးဟာ မန္တလေးကနေ တန့်ဆည်-ရေဦးဘက်က နေအိမ်အပြန် ကားပေါ်မှာ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းလောက်က စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံနေရတာ ၄၈ နာရီကျော် ကြာရှိနေပြီဖြစ်ပေမဲ့ ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်ချုပ်နှောင် ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတဲ့အတွက် မအေးနန္ဒာစိုးရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို များစွာစိုးရိမ်ပူပန်မိတယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။
မအေးနန္ဒာစိုးဟာ အဖိနှိပ်ခံလူတန်းစားတွေဖြစ်တဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေဘက်ကနေ ခွပ်ဒေါင်းအလံကိုကိုင်ပြီး ဖောက်ပြန်တဲ့ အုပ်ချုပ်သူ လူတန်းစားကို တော်လှန်သွားမှာဖြစ်တယ်လို့ ကြွေးကြော်သံထုတ်ကာ စစ်အာဏာရှင်စနစ်ကို အစဥ်မပြတ် ဆန့်ကျင်တော်လှန်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။