အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ စက်တင်ဘာ ၂၁ ရက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံခြားရေး မူဝါဒတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် မိန့်ခွန်းပြောဖို့ ရှိနေပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အားပေးထောက်ခံဖို့ လိုအပ်တယ်လို့ ဖို့ဘ်စ်မဂ္ဂဇင်းမှာ ရေးသား ဖော်ပြပါတယ်။
ထရမ့်အစိုးရကြောင့် ဆိုးဆိုးရွားရွား ကျဆင်းနေတဲ့ အမေရိကရဲ့ ကမ္ဘာလုံးဆိုင်ရာရပ်တည်မှုကို ပြန်လည်ရယူဖို့က သူ့ရဲ့ဦးစားပေးကိစ္စဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဆယ်စုနှစ်ချီ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်ချုပ်ရေးနဲ့ လူ့အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်ခြင်းခံရတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း အာဏာရှင်ဆန်မှုတွေ မြင့်တက်နေတဲ့ကြားမှာ ဒီမိုကရေစီကို ခုခံကာကွယ်မယ်လို့လည်း ကတိပေးထားပါတယ်။
ကုလသမဂ္ဂမှာ ကမ္ဘာ့ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားဖို့ စင်မြင့်ပေါ် တက်နေချိန်မှာ သမ္မတဘိုင်ဒန်အနေနဲ့ ပြတ်ပြတ်သားသားလုပ်ဖို့ လိုအပ်တဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးအကျပ်အတည်းကို ရှုတ်ချဖို့ လိုအပ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဘိုင်ဒန်နဲ့ သူ့အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံက တရားမ၀င်စစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂကိုယ်တိုင်က သံတမန်ရေးအရ အသိအမှတ်ပြုခြင်းကို ငြင်းပယ်ထားကြောင်းကိုလည်း သေချာဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားပြု သံတမန်နေရာအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ကိုယ်စားလှယ်တဦး၊ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တဦးတို့ အပြိုင်တင်ပြထားတာပါ။
မြန်မာစစ်တပ်ကို တရုတ်အစိုးရက ကာလကြာရှည် ထောက်ခံထားတာကြောင့် NUG ကိုယ်စားလှယ်ကို ပေကျင်းအစိုးရက ပိတ်ပင်ထားပါတယ်။
မြန်မာကိုယ်စားလှယ်နေရာ အပြိုင်တင်သွင်းမှုရှိလာတာကြောင့် အမေရိကန်အနေနဲ့ လက်ရှိ နေရာရထားတဲ့ NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံပေးဖို့ လိုအပ်ပြီး ကုလအထွေထွေညီလာခံရဲ့ ဆွေးနွေးချက်တွေမှာလည်း လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပြုဖို့ လိုတယ်လို့ ဆိုပါတယ်။
တကယ်လို့ အမေရိကန်ဟာ မြန်မာနိုင်ငံက အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ဆိုရင် သမ္မတရဲ့ ပြောစကားတွေမှာ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး ချိုးဖောက်နေခြင်းတွေကနေ အရေးယူမခံရဘဲ ပြစ်ဒဏ်ကင်းလွတ်နေတာကို ကြာရှည်လွှတ်ထားတော့မှာမဟုတ်ဘဲ အခုထက်ပိုပြီး ဖယ်ကြဉ်ခံရမယ်ဆိုတာကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ပေးပို့မှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
မြန်မာနိုင်ငံဟာ ဘိုင်ဒန်ရဲ့ဒီမိုကရေစီ အစီအစဉ်အတွက် အရေးကြီးတဲ့စမ်းသပ်မှုတစ်ခု ဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာအသိုက်အဝန်းအတွက် အားဖြည့်ပေးထားတဲ့ အခြေခံမူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။