ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းပန်းခရိုင်၊ ဟန့်ချတ်မြို့နယ်အပိုင်းရှိ အဝေးပြေးလမ်းမရှိ စစ်ဆေး ရေးဂိတ်တစ်ခုမှာ တာဝန်ရှိသူတွေက ခရီးသည်တွေကို ကိုဗစ် - ၁၉ ရောဂါပိုးစစ်ဆေးစဉ် ဘတ်စ်ကားတစ်စီးထဲ တရားမဝင်လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၃၉ ဦး ဖမ်းဆီးခံ လိုက်ရပါတယ်။
လမ်းပန်းခရိုင် အုပ်ချုပ်ရေးရုံး၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ည ၈ နာရီကျော်က အဝေးပြေးခရီးသည်တွေကို တစ်ဦးချင်းစီ ကိုဗစ် - ၁၉ စစ်ဆေးနေစဉ် ထိုင်းဆရီရမ်ကုမ္ပဏီပိုင် ချင်းမိုင်- ဘန်ကောက် ခရီးသည်တင်ဘတ်စ်ကားပေါ်ကနေ တရားမဝင် မြန်မာလုပ်သား ၃၉ ဦးကို ဖမ်းဆီးရမိပြီး အဲဒီထဲမှာ အမျိုးသား၊အမျိုးသမီးနဲ့ ကလေးတွေပါ ပါလာတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
ယာဉ်မောင်းသမားနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးမေးမြန်းရာမှာတော့ ယာဉ်မောင်း ဖြစ်သူက သူဟာအလုပ်ဝင်တာမကြာသေးဘဲ ဒီကားကို ပထမဆုံးမောင်းတာဖြစ်ကြောင်း ၊ ခရီးသည်တွေဟာ ဖန်၊ ချင်းမိုင်၊ လမ်းပွန်း စတဲ့ မြို့နယ်တွေကနေ အသီးသီးလိုက်ပါစီးနင်းလာပြီး သူတို့ က ကားလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ထားပြီးဖြစ်တယ်ပြောလို့ လက်မှတ်မစစ်ဘဲတ င်လာခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံလုပ်သားတွေကို စစ်ဆေးရာမှာ ကားလက်မှတ်မရှိကြဘဲ ကားခ ကို တယောက် ဘတ် ၅၀၀၀ စီ ကြိုတင်ပေးထားပြီးဖြစ်ကြောင်း၊ တချို့က ဘန်ကောက်ဒူးရင်းသီးခြံမှာ အ လုပ်သွားလုပ်မယ်လို့ပြောကြသလို တချို့က ဘန်ကောက်မှာ အလုပ်သွားလုပ်မယ်၊ တချို့ကတော့ ထိုင်းဘာသာ စကားနားမလည်ဘဲ တယောက် တပေါက်ထွက်ဆိုနေသလို ယာဉ်မောင်း ကပြောတာနဲ့လည်း ကိုက်ညီခြင်းမရှိတာကြောင့် ဖမ်းမိတဲ့ မြန်မာအားလုံးနဲ့ ယာဉ်မောင်းရော ယာဉ်နောက်လိုက်ပါ ၃ ဦးကိုလည်း ဆက်လက်စစ်ဆေးဖို့ ရဲစခန်းမှာခေါ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျန်းမာရေးဌာနကလည်း ကိုဗစ်- ၁၉ ရောဂါပိုးစစ်ဆေးထားပြီး အဖြေတော့ မထွက်သေးဘူးလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ကာလတွင်း ရွှေ့ပြောင်းလုပ်သားတွေ နယ်မြေကျော် သွားလာခွင့်ကန့်သတ်ထားပြီး ထိုင်းလူမျိုးတွေလည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးထားသူ၊ ကိုဗစ်- ၁၉ စစ်ဆေးပြီးကင်းစင်ကြောင်း အထောက်အထားပြနိုင်သူတွေသာ ခရီးသွားလာခွင့်ရှိပါတယ်။