အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိပေမယ့် စက်တင်ဘာ ၂၁ ရက်၊ မနက်ပိုင်းမှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၁၉ ရက်က လောင်းလုံးမြို့နယ်အတွင်း သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သပိတ်လိုက်ပါသူတွေရဲ့ ဆိုင်ကယ် ၁၇ စီးကို မတရား လုယူသွားခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒေသအချို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်နဲ့ ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
စက်တင်ဘာ ၂၀ ရက် ညနေပိုင်းကလည်း ထားဝယ်မြို့နယ်က တက္ကသိုလ်ကျောင်းသားအပါအဝင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ထားဝယ်တက္ကသိုလ် မြန်မာစာအထူးပြု တတိယနှစ်ကျောင်းသား ကိုစိုးပြည့်အောင်နဲ့ မစိုးမီမီကျော် (အင်္ဂလိပ်စာအထူးပြု ကျောင်းသူအဟောင်း) နဲ့ မသျှားပြည့်ခင်တို့ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၇ ရက်ကလည်း အောက်ရေဖြူကျေးရွာအုပ်မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် အပါအဝင် ဒေသခံပြည်သူ ၁၂ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။