မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့က ကံမ PDF က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ကားကို မိုင်းခွဲတိုက်ခိုက်ရာ ၂ ယောက် ဒဏ်ရာရရှိ သွားတယ်လို့ PDF တပ်ဖွဲ့ကနေ သိရပါတယ်။
ကံမမြို့နယ် ရေနံသာနဲ့ ကျောက်ပန်းတောင်းကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ယောက်လောက် လိုက်ပါလာတဲ့ ဖောကားတစ်စီးကို ကံမ PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက်ဒဏ်ရာရပြီး ကားအင်ဂျင်ပါ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်အုပ်စုတွေဟာ အင်အား ၃၀ လောက်နဲ့ ကျောက်စောင်းကျေးရွာ စာသင်ကျောင်းမှာ စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက တပ်စွဲထားပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ကျောက်စောင်းရွာခံတစ်ယောက်က ပြောပါတယ်။
ကျောက်စောင်းကျေးရွာက နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ အမျိုးသမီးတစ်ဦး အပါဝင် ၁၃ ယောက်ကို ဖမ်းဆီးပြီး ရေနံ့သာရဲစခန်းကို ချုပ်နှောင်ထားတာ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရွာရဲ့ လမ်းမတွေမှာ နေရာယူထားသလို နေအိမ်မှာကျန်ခဲ့တဲ့ ကလေးငယ်တွေကိုလည်း အပြင်ကိုမထွက်ဖို့ ဓားစာခံအဖြစ် တားမြစ်ထားသလို ဒေသခံပြည်သူ တစ်ချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။