အကြမ်းဖက်စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ မှတ်တိုင်လမ်းမှာနေထိုင်တဲ့ အမျိုးသား ၁ ဦးဟာ ၅ ရက်အကြာ စက်တင်ဘာ ၁၉ ရက်နေ့က သေဆုံးသွားတယ်လို့သိရပါတယ်။
သေဆုံးသူ ဦးတိုးကြီးရဲ့ မိတ်ဆွေတဦးက “သူနေတဲ့ရပ်ကွက်က လေးထောင့်ခင်း ဘုန်းကြီးကျောင်းဝိုင်းထဲမှာ သူ့အလောင်းကို မနေ့က မနက်ပိုင်းက တွေ့ရတာ။ လည်ပင်းမှာ ပြတ်ရှထားတဲ့ဒဏ်ရာနဲ့ ဦခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာတွေတော့ တွေ့တယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၅၀ အရွယ် ဦးတိုးကြီးဆိုသူဖြစ်ပြီး သားဖြစ်သူ ကိုသီဟနဲ့အတူ Mytel တာဝါတိုင်ဖျက်ဆီးဖို့ ကြံရွယ်တယ်ဆိုပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၁၃ ရက်နေ့က ဖမ်းဆီးသွားတာပါ။
သေဆုံးသူ ဦးတိုးကြီးကို စက်တင်ဘာ ၁၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် သားဖြစ်သူ မောင်သီဟကိုတော့ ဒီနေ့အချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
“ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား။ သူများသတ်လို့ သေတာလားဆိုတာ သေချာမဝေခွဲနိုင်ကြ ဘူး။ သူကိုယ်တိုင် အနှိပ်စက်ခံရတာရယ်။ သူ့သား အနှိပ်စက်ခံရတာရယ်ကြောင့် စစ်ကြောရေးက ပြန်လွတ်လာတဲ့အချိန်ကစပြီး သူ့စိတ်တွေ ကစဉ့်ကလျား ဖြစ်နေတယ်” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဦးတိုးကြီး သေဆုံးမှုနဲ့ပတ်သက်လို့ ဒီဗွီဘီက ပေါင်းတည်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ သေမှုသေခင်းနဲ့သာ အမှုရေးဖွင့်ထားတယ်လို့ ပြန်လည်ဖြေကြားပါတယ်။
အကြမ်းဖက်စစ် ကောင်စီတပ်တွေဟာ စိတ်မထင်ရင် မထင်သလို ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် နေတဲ့အတွက် ဒေသခံတွေဟာ စီးပွားရေးအဆင်မပြေတာ အပါအဝင် အချိန်မရွေး အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနှိပ်စက်မှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။