ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာအုပ်စုမှာ စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်အောင်ဟာ စက်တင်ဘာ ၁၉ ရက် ဒီနေ့ မနက် ၁၁ နာရီလောက်က အမည်သိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ကျည်ဆန် ၃ ချက်ထိမှန်သေဆုံးသွားပါတယ်။
ဦးကျော်လွင်အောင်ဟာ မသေဆုံးခင် ယမန်နေ့က ဘုရားနီကျေးရွာမှ ပြည်သူတစ်ယောက်ရဲ့ နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့တွေကို ခေါ်ဆောင်လာကာ ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးကျော်လွင်အောင်ကို ဒလန်ရှင်းလင်းရေးလုပ်ငန်းစဉ်အရ လုပ်ဆောင်ခဲ့တာလို့ ကော့မှူးမြို့နယ်အတွင်းက တက်ကြွလှုပ်ရှားသူတစ်ဦးက အတည်ပြုပြောကြားပါတယ်။
အခုလို ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ကော့မှူးမြို့နယ်မှာ လမ်းဘေးမှာထိုင်နေတဲ့ သာမန်ပြည်သူ နှစ်ယောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး မြို့နယ်အတွင်း သေနတ်တွေနဲ့ ပစ်ဖောက်နေတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။