စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာက စစ်ရှောင် ၁၀၀၀ ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ည ၉ နာရီကျော်အချိန်လောက် ကျောက်ရစ်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မီးရှို့တာတွေ လုပ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတာပါ။
စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ မြောင်မြို့နယ်မှာ ပထမတုန်းက CDM ဝန်ထမ်းနှစ်ရာကျော်၊ သုံးရာနီးပါးတုန်းက စားနပ်ရိက္ခာ လုံလုံလောက်လောက် ရှိသေးတာပေါ့။ အခုဟာက စက်တင်ဘာ ၁၂ ရက်နေ့က ကျောက်ရစ်ရွာကို စစ်ကောင်စီက မီးရှို့တာကြောင့် ဒေသခံ ထပ်တိုးလာတယ်ပေါ့။ အခု စက်တင်ဘာ ၁၇ ရက်နေ့အထိ ရွာသားတွေ မပြန်ရဲကြသေးဘူးဗျ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက ကျောက်ရစ်ကျေးရွာထဲမှာ တပ်စွဲထားတာကြောင့် ရွာသားတွေက မပြန်ရဲကြသေးဘဲ စစ်ဘေးရှောင်စခန်းတွေက လက်ခံထားနေရတယ်ပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း ဆက်လက်တပ်စွဲထားတာကြောင့် ရွာသားတွေ နေရပ်မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။
“ဘာကြောင့် မပြန်ရဲသေးတာလဲဆိုတော့ ဒီကောင်တွေက လူမဆန်လို့ပေါ့ဗျာ။ အဲရွာကို မီးရှို့တုန်းကလည်း ရွာသား ၇ ဦးကို ရက်စက်စွာ သတ်ဖြတ်တာတွေ၊ အိမ်တွေ မီးရှို့တာတွေ လုပ်ခဲ့တာက ဒီကောင်တွေကို ရွာသားတွေက မယုံရဲဘဲ မပြန်ရဲကြဘူးပေါ့။ လက်ရှိမှာတော့ ဆန်၊ ဆီ စတာတွေ အနည်းအကျဉ်းတော့ရှိသေးတာပေါ့၊ အချိန်တစ်ပတ်ထိတော့ လုံလောက်မယ် ထင်တယ်ဗျ။ ကျနော်တို့ မြောင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် အမြန်ဆုံး စားနပ်ရိက္ခာအတွက် ကူညီပေးကြပါဦး” လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး တာဝန်ရှိသူက ပြောပါတယ်။
မြောင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ကုန်းကြောင်းတပ်ရော၊ ရေကြောင်းတပ်ပါ အသုံးပြုထိုးစစ်ဆင်နေကာ ရဟတ်ယာဉ်နဲ့လည်း နယ်မြေကင်းလှည့် စောင့်ကြည့်နေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောရပါတယ်။