Home
မြန်မာသတင်း
အကြမ်းဖက်စစ်ခေါင်းဆောင်အား ဦးခက်ထိန်နန်က ကချင်အမျိုးသား ခေါင်းပေါင်းပေးအပ်
DVB
·
September 19, 2021
kachin 5
kachin 4
kachin 3
kachin 2
kachin

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဦးခက်ထိန်နန်က ကချင်အမျိုးသားဝတ်စုံနဲ့ ခေါင်းပေါင်း ပေးအပ်လိုက်တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင်  ကချင်ပြည်နယ်ခရီးစဉ် လာရောက်စဉ် စစ်ကောင်စီခန့် ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က   ကချင်အမျိုးသား ရိုးရာဝတ်စုံ၊  ခေါင်းပေါင်း၊ ဓားနဲ့ လွယ်အိတ် လက်ဆောင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ 

ကချင်တစ်မျိုးသားလုံးက တန်ဖိုးထားတဲ့ ကချင်အမျိုးသား ခေါင်းပေါင်းအား အကြမ်းဖက်ခေါင်းဆောင်တစ်ဦးကို ပေးအပ်လိုက်တဲ့အပေါ် ကချင်လူငယ်တစ်ဦးက "ကချင်လူမျိုးတစ်ယောက်အနေနဲ့ အမည်ကင်ပွန်းမတပ်ရသေးဘဲ တခြားသူစိမ်းတစ်ယောက်ကို  ခုလို ကချင်အမျိုးသားခေါင်းပေါင်းပေးအပ်လိုက်တာက ကချင်တစ်မျိုးသားလုံးကို စော်ကားလိုက်တာပါဘဲ။ ကချင်ရိုးရာယဉ်ကျေးမှုကို မထီမဲ့မြင် ပြုလိုက်တာပါ"လို့ ပြောပါတယ်။

ဦးခက်ထိန်နန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီဘက်က ကချင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ဟာ မနေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ခရိုင်၊ မြို့နယ်စစ်ကောင်စီအဖွဲ့တွေ၊  မြို့မိမြို့ဖ တွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ဒေသခံ စီးပွားရေးသမားတွေက စက်မှုဇုန်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ခရီးသွား လုပ်ငန်းတွေ ခွင့်ပြုပေးဖို့နဲ့  အဆင့်မြှင့်တင်ပေးဖို့ တင်ပြခဲ့ကြတယ်လို့ စစ်ကောင်စီပြန် ကြားရေးက သတင်းထုတ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က “ သယံဇာတကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရေရှည်တည်တံ့နိုင် သည့် လုပ်ငန်းများမဟုတ်ဘဲ ရေတိုအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်သဖြင့် မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူခြင်းလုပ်ငန်းများကို အားမပေးလို ကြောင်း၊ မိမိတို့နိုင်ငံသည် သယံဇာတများကို ထုတ်ယူပြီး အကြမ်းထည်များကို တင်ပို့သောကြောင့် ဈေးနှုန်းရသင့်သည်ထက် နည်းပါးစွာ ရရှိသဖြင့် အချောထည် များကို ထုတ်လုပ်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့သော သယံဇာတများသည် ပြည့်ဖြိုးမြဲသယံဇာတမဟုတ်သည့်အတွက် ကုန်ခမ်းသွားနိုင် ကြောင်း၊ ပြည်ဖြိုးမြဲသယံဇာတများကိုမူ ပြန်လည် ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း။” ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်မာ ဆန်၊ ပဲ ဖူလုံမှုရှိပေမဲ့  ဆီဖူလုံမှုလိုအပ်နေလို့ ဆီထွက်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ကြဖို့၊ ကချင်ပြည်နယ်ဟာ နေစပ်ဒေသတစ်ခုဖြစ်လို့  နာရီပိုင်းအတွင်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ ဈေးကွက်သို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ဒေသထုတ်ကုန်တွေကို အဆင့်မြှင့်တင်ပြီး တင်ပို့ရောင်းချနိုင်ရန်လိုတယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ပူတာအိုဘက်ကို ခရီးဆက်မှာဖြစ်တယ်လို့သိရပါတယ်။

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024