စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်(ကရင်နီပြည်)မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၀ ကျော်ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်လိုက်ပါတယ်။
စက်တင်ဘာ ၁၈ ရက် PKPF ရဲ့ထုတ်ပြန်ချက်မှာတော့ ကရင်နီပြည်က မြို့နယ် ၈ ခုမှာ တိုက်ပွဲတွေဖြစ်ခဲ့တာဖြစ်ပြီး ဒီးမောဆိုမှာ ၂၃ ကြိမ်၊ လွိုင်ကော်မှာ ၁၃ ကြိမ်၊ ဖယ်ခုံမှာ ၉ ကြိမ်၊ လွိုင်လင်လေးမှာ ၈ ကြိမ်၊ မိုးဗြဲမှာ ၅ ကြိမ်၊ ဘော်လခဲမှာ ၅ ကြိမ်၊ ဖရူဆိုမှာ ၉ ကြိမ်နဲ့ ဖားဆောင်းမှာ ၁ ကြိမ် ဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။
ကရင်နီပြည်မှာ သေဆုံးသူ ၉၃ ရှိခဲ့ရာမှာ နှစ်ဘက်တိုက်ပွဲကြောင့် PDFနဲ့ လက်နက်ကိုင်အဖွဲ့က ၁၆ ဦး သေဆုံးခဲ့ပြီး ကျန်သေဆုံးသူတွေကတော့ သပိတ်ကာလ သေဆုံးသူ ၂ ဦး၊စစ်တပ်ရဲ့အကြောင်းမဲ့ သတ်ခံရသူ ၇၁ ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၅ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
လတ်တလောအချိန်ထိ ကရင်နီပြည်မှာ စစ်ကောက်စီက ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးခဲ့သူ ၁၀၇ ဦး ၊ပုဒ်မ ၃၀၂ နဲ့ဖမ်းခဲ့သူ ၇ ဦး၊ပုဒ်မ ၁၉(စ)နဲ့ဖမ်းခဲ့သူ ၆ ဦး၊ပုဒ်မ ၁၇(၁)နဲ့ဖမ်းခဲ့သူ ၄ ဦးရှိနေတာကြောင့် ဖမ်းဆီးခံရသူပေါင်းဟာ စုစုပေါင်း ၁၂၄ ဦး ရှိနေတာဖြစ်ပြီး မနေ့ကထိနောက်ထပ်ဖမ်းဆီးခံရသူ ၁၅ ဦးလောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။