မွန်ပြည်နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့ တစ်ရက်တည်း စစ်တပ်ပိုင် Mytel တာဝါတိုင် ၂ တိုင် ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာက Mytel တာဝါတိုင်ကို စက်တင်ဘာ ၁၇ ရက် ည ၈ နာရီလောက်က အမည်မသိ လူတစုက ဗုံးခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေးမြို့နယ်၊ ကျောက်မိချောင်းတောင်ပိုင်းကျေးရွာအနီးက Mytel တာဝါတိုင်ကိုလည်း မနေ့ ည ၇ နာရီလောက်မှာ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။
ဗုံးခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၂ တိုင်လုံး ပြိုကျပျက်စီးတာ မရှိပေမယ့် မီးစက်နဲ့ ဆက်သွယ်ရေးစက်ပစ္စည်းတွေ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
Mytel တာဝါတိုင်တွေကို အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးချထားတဲ့ကြားက ဗုံးခွဲဖျက်ဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာက Mytel တာဝါတိုင် ဗုံးခွဲဖောက်ဖျက်ဆီးခံရပါတယ်။ ဒါကြောင့် မွန်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဗုံးခွဲဖျက်ဆီးခံရတဲ့ Mytel တာဝါတိုင် ၃ တိုင် ရှိသွားပြီ ဖြစ်ပါတယ်။
NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မြန်မာ တနိုင်ငံလုံးက Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၂ဝဝဝ ကျော်ရှိတဲ့ အနက် ဒေသဆိုင်ရာ PDF တွေက Mytel တိုင်ပေါင်း ၈၀ လောက်ကို ဖျက်ဆီးထားပါတယ်။
Mytel ဆက်သွယ်ရေးတာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် လူပေါင်း ၇ သိန်းလောက် အင်တာနက် မရကြတော့ဘူးလို့ Mytel ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြည်ပမီဒီယာတစ်ခုကို ပြောကြား ထားပါတယ်။