မကွေးတိုင်း၊ ရေစကြိုမြို့အဝင်မှာ စက်တင်ဘာ ၁၇ ရက်ညက စစ်ယာဉ်တန်းကို ရေစကြို PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာ ရခဲ့တယ်လို့ ရေစကြို PDF တပ်ဖွဲ့က ပြောပါတယ်။
ရေစကြိုမြို့အဝင်မှာ မနေ့ည ၉ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီတပ်တွေဟာ စစ်ကား ၂ စီး၊ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေတာကို ရေစကြို PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ မိုင်း ၂ လုံး ပေါက်ကွဲခဲ့တာပါ။
မိုင်းကွဲပြီးနောက် အကြမ်းဖက်စစ်အုပ်စုဘက်က RPG ၈ လုံးလောက်နဲ့ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ရေစကြို PDF ဘက်က အထိအခိုက် အကျအဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ် PDF ခေါင်းဆောင်က DVB ကို ပြောပါတယ်။
ရေစကြိုမြို့နယ် ဆန်းသစ်ရွာနားမှာ စက်တင်ဘာ ၈ ရက် ညနေပိုင်းကလည်း ပခုက္ကူဘက်ကနေ ထွက်လာတဲ့ စစ်ယာဉ်တန်းကို ရေစကြို PDF တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။