တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက တောင်သူလယ်သမားတချို့ဟာ ဓာတ်မြေဩဇာဈေး အဆမတန်မြင့်တက်လာမှုကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
အသီးအားကောင်းဖို့ ဓာတ်မြေဩဇာပေးသွင်းရမယ့် အချိန်မှာ ဓာတ်မြေဩဇာဈေး အဆန်မတန်မြင့်တက်လာမှုနဲ့အတူ အရှုံးပေါ်မှာ စိုးရိမ်နေကြတယ်လို့ တောင်သူတဦးက ပြောပါတယ်။
"မနှစ်က ဒီချိန်ဆို ၃ သောင်းဝန်းကျင်လောက်ပဲ၊ အခုက ၆ သောင်းဝန်းကျင်တောင် ဖြစ်နေပြီ။ ရိတ်သိမ်းခတွေလည်း ဈေးကြီးလာနိုင်တယ်၊ စပါးဈေးမရှိဘဲ အရှုံးပေါ်မှာကိုစိုးရိမ်နေတာပေါ့။"
ဓာတ်မြေဩဇာဈေးမြင့်တက်မှုကြောင့် တစ်ချို့တောင်သူတွေက ဓာတ်မြေဩဇာပေးသွင်းရမယ့်ကိစ္စ အခက်အခဲဖြစ်နေသလို တစ်ချို့တောင်သူတွေကလည်း ချေးငှားပြီး ဝယ်နေရတယ်လို့လည်း ဆိုပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စပါးစိုက်ဧက ၄၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။