ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းက ပြိန်းခါးစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေကြတဲ့ ပြည်သူ ၈၂ ဦးကို ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ခံရတာ ရှိ ၊ မရှိ စက်တင်ဘာလ ၁၇ ရက်က စစ်ဆေးခဲ့ရာမှာ ၃၄ ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
ဒါ့အပြင် ခရိုင်ပြည်သူ့ဆေးရုံ၊ မိုင်းလုံနဲ့ နောင်ပိန်ကျေးရွာတွေမှာ စစ်ဆေးရာမှာ စက်တင်ဘာလ ၁၇ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၆၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန်ကျောင်းကျေးရွာ ယာယီစစ်ဘေးရှောင်စခန်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၁၂၀ ကျော်တွေ့ရှိခဲ့ပါတယ်။
ကျောက်မဲမြို့က ကိုဗစ်- ၁၉ ရောဂါပိုးကူးစက်ခံရသူတွေဟာ အသက်အရွယ်အစုံဖြစ်ပြီး သီးသန့်ထားရှိ စောင့်ကြည့်ကာ ရောဂါပြင်းထန်တဲ့လူနာတွေကို ကျောက်မဲပြည်သူ့ဆေးရုံမှာထားရှိ ကုသပေးနေပါတယ်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း ၁၃ဝ၀ ကျော်ပြီဖြစ်ပါတယ်။
ဒီစာရင်းဟာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက စာရင်းဖြစ်ပြီး ဆေးရုံ၊ ဆေးပေးခန်း မသွားဘဲ ကိုယ်တိုင်ဆေးဝါးဝယ်ယူပြီး မိမိအိမ်မှာ ကုသတဲ့လူဦး ရေစာရင်း မပါသေးဘူးဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်အတွင်းက တောင်ပေါ်ကျေးရွာတွေအနီးမှာ SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၂၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် အထိအခိုက်အကျအဆုံးတွေ များနေပါတယ်။ ဒါ့အပြင် အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီးနေအိမ်ပျက်စီးတာ လည်းရှိနေပါတယ်။
တိုက်ပွဲကြောင့် ဒုက္ခရောက်နေသူတွေကို ရပ်ဝေးရပ်နီးလူမှုရေးအသင်းအဖွဲ့တွေနဲ့ စေတနာရှင်ပြည်သူတွေက ဝိုင်းဝန်းကူညီထောက်ပံ့နေကြပါတယ်။