မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့မနက်ပိုင်းက ပင်ထောင်ရွာမှာ မိုင်းပေါက်ကွဲမှုကြောင့် ပျူစောထီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပင်ထောင်ကျေးရွာမှာ မနေ့က မနက် ၁၀ နာရီလောက်က ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးထွဋ်မောင်နဲ့ ဦးတင်ဝင်းတို့ဟာ မိုင်းထောင်ရင်းနဲ့ မတော်တစ်ဆ ပေါက်ကွဲခဲ့တာကြောင့် အပြင်းအထန်ဒဏ်ရာရပြီး ၁ နာရီလောက်အကြာမှာ သေဆုံးသွားတာလို့ ဒေသခံတစ်ယောက်က DVB ကို ပြောပါတယ်။
ကိုင်းလယ်ရွာက ပျူစောထီးခေါင်းဆောင် မောင်ဦး ဦးဆောင်ပြီးတော့ အကြမ်းဖက် စစ်အုပ်စုတွေနဲ့ ပူးပေါင်းက အခုလပိုင်းအတွင်း ပင်ထောင်၊ သစ်ချိုကုန်း၊ ရွာသစ်နဲ့ ဒီးဒုတ်ကွင်း ကျေးရွာတွေမှာ မိုင်းဖောက်ခွဲရေးသင်တန်းတွေ ပေးနေတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ ဒလန်တွေဖြစ်တဲ့ ပျူစောထီး အဖွဲ့ဝင်တွေ မိုင်းပေါက်ကွဲပြီး သေဆုံးတာဟာ လက်ရှိအချိန်ထိ ၆ ယောက်ရှိပြီလို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။