ချင်းပြည်နယ် ကန်ပက်လက်နဲ့ မကွေးတိုင်း ဆောမြို့နယ်အစပ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရသွားတယ်လို့ CDF ကထုတ်ပြန်ပါတယ်။
ချင်ပြည်နယ် ကျင်ဒွေးမြို့ကို အင်အားဖြည့်ဖို့လာတဲ့ လောင်းရှည် ကပစ က စစ်ကောင်စီတပ်သားတွေကို ကန်ပက်လက် CDF က ဆောမြို့နယ်နဲ့ ကန်ပက်လက် နယ်စပ်မှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရရှိကာ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့်လည်း ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံးမရှိဘူးလို့ ဖော်ပြထားပါတယ်။
ကန်ပက်လက်မြို့နယ်ထဲမှာ မနေ့က စက်တင်ဘာလ ၁၅ ရက်နေ့မှာလည်း CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိဘပြည်သူတွေအနေနဲ့လည်း အတည်မပြု မထုတ်ပြန်ရသေးတဲ့ တိုက်ပွဲသတင်းနဲ့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာ ရေးသားဖြန့်ဝေတာတွေမပြုလုပ်ကြဖို့ အလေးနက်တိုက်တွန်းထားပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်နဲ့ မကွေးတိုင်းဆောမြို့နယ်အစပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။