စက်တင်ဘာလ ၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ သတင်းထောက်ဟောင်း မသူဇာကို မိသားစုကဒီနေ့ထက်ထိ အဆက်အသွယ်မရတာကြောင့် ရှေ့နေနဲ့တိုင်ပင်ပြီး လူပျောက်ဆုံးတဲ့ ပုံစံမျိုးနဲ့ ဥပဒေကြောင်းအရ ဆက်လုပ်သွားမယ်လို့ မသူဇာရဲ့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။
မသူဇာဟာ စက်တင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး စစ်ကြောရေးထဲရောက်ရှိနေတယ်လို့ သတင်းတွေကြားပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ခင်ပွန်းဖြစ်သူကဆိုပါတယ်။
“မသူဇာဘယ်မှာရှိနေတယ်ဆိုတာ ခုချိန်ထိ အစအနကိုမသိရသေးပါဘူး။ စစ်ကြောရေးမှာလို့လည်း သတင်းကြားပေးမဲ့ အသေအချာမပြောနိုင်သေးဘူး။ ဘယ်နေရာမှာရှိမှန်းလည်း မသိရသေးဘူး။ ၁ ရက်နေ့ကတည်းက သူနဲ့အဆက်အသွယ်မရတော့တာ ဒီနေ့ထိပါပဲ။ အခုစုံစမ်းနေတာ မထူးခြားဘူး ဆိုရင်တောင် ရှေ့နေနဲ့တိုင်ပင်ပြီး လူပျောက်ပုံစံမျိုးနဲ့ ဆက်သွားရမရ တိုင်ပင်ပြီးတော့ ဥပဒေကြောင်းအရပဲဆက်လုပ်သွားဖို့ရှိပါတယ်”လို့ မသူဇာရဲ့ခင်ပွန်းဖြစ်သူ ကိုရဲကိုက ဒီဗွီဘီ ကိုပြောပါတယ်။
မသူဇာကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ထားတာဖြစ်ပြီး ပထမတစ်ခေါက်အိမ်ကို ဝင်ရောက်ရှာဖွေစဉ် မသူဇာကို ဖမ်းမိခြင်းမရှိပဲ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပါသေးတယ်။
အခုတော့ ခင်ပွန်းဖြစ်သူပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ မသူဇာကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အဖမ်းခံရတဲ့ သတင်းသမား ၉၀ ကျော်ထိရှိလာခဲ့ပြီး ဒီရက်ပိုင်းတွင်းမှာပဲ သတင်းသမားဟောင်းတွေကို လိုက်လံရှာဖွေဖမ်းဆီးမှုတွေ ပိုများလာနေ ပါတယ်။
မသူဇာဟာ မော်ဒန်ဂျာနယ်၊ ဧရာဝတီ သတင်းဌာန၊ RFA သတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Time ဂျာနယ်တို့မှာ သတင်းထောက်အလုပ်လုပ်ခဲ့တဲ့ လုပ်သက် ၁၄ နှစ်နီးပါးရှိ ဝါရင့် သတင်းထောက်ဟောင်းတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။