Home
မြန်မာသတင်း
ဖက်ဆစ်စစ်တပ် ဆန့်ကျင်ဆန္ဒပြခဲ့သည့် ရခိုင်ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံရ
DVB
·
September 16, 2021
242044329_182378430671949_2023379818773317664_n

ဖက်ဆစ်စစ်တပ်အလိုမရှိကြောင်းဆန္ဒပြလို့ စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား ၄ ဦးကို စက်တင်ဘာ ၁၅ ရက်မှာ စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် ၆ လစီ ချမှတ်လိုက်ပါတယ်။

အဆိုပါ ကျောင်းသား ၄ ဦးကို မတရားဖမ်းဆီးထိန်းသိမ်းထားတာ ၁ နှစ်ကြာပြီးနောက်  နိုင်ငံတော် အကြည်ငြိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)နဲ့  ထောင်ဒဏ် ၂ နှစ်စီနဲ့ ၊  သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၂၉ နဲ့ ထောင်ဒဏ် ၆ လစီ  စုစုပေါင်း ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်လိုက်တာပါ။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကျောင်းသား ၄ ဦးကတော့  ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်း(ဒဂုံတက္ကသိုလ်၊ ရန်ကုန်မြို့)နဲ့ ကိုမြတ်စိုးဝင်း(တွဲဖက်အတွင်းရေးမှူး၊ ကျောက်ဖြူပညာရေးကောလိပ်)တို့ ဖြစ်ကြပါတယ်။

စစ်တပ်က ကျောင်းသားတွေကို ခုလို ထောင်ဒဏ်နှစ်ရှည်ချမှတ်တာနဲ့ ပတ်သက်ပြီး  ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ဝင်းထွန်းက “ ဒီဟာကလုံးဝ မတရားဘူး၊ လူငယ်ကျောင်းသားတွေကို ၁ နှစ်တိတိ ဒီအချုပ်ထဲမှာအချိန်အကြာကြီး မတရားပဲနဲ့ ထိန်းသိမ်းချုပ်နှောင်ထားပြီးတဲ့အခါမှ ဒီလိုမျိုး နှစ်အကြာကြီးချလိုက်တာက တစ်ဖက်သတ် ကျောင်းသားတွေကို ဖိနှိပ်တာလို့ ကျနော်တို့ မြင်တယ်။ ဒီကျောင်းသားတွေကို ဖိနှိပ်ရင် ဒီကျောင်းသားတွေ လွတ်လာရင် သူတို့ကိုတစ်စုံတစ်ရာထောက်ပြမှာတို့၊ သူတို့ရဲ့လုပ်ရပ်တွေကို ပြည်သူကြားမှာချပြမှာတို့ကို သူတို့ကကြောက်နေတယ်လို့မြင်ပါတယ်၊ အဲဒီလိုမြင်တဲ့အတွက် ကျနော်တို့ ရှေ့ဆက်ပြီးတော့ စစ်တပ်ရဲ့အုပ်ချုပ်သူတွေရဲ့ မှားနေတဲ့လုပ်ရပ်တွေကို လိုက်ပြီးတော့ တိုက်ပွဲဝင်သွားမယ်၊ သူတို့ရဲ့မှားနေတဲ့ လုပ်ရပ်တွေကို ကျနော်ဆက်ပြီးတော့ ရခိုင်ပြည်သူတွေ အတွက် တိုက်ပွဲဝင်သွားမယ်”  ပြောပါတယ်။

အဆိုပါကျောင်းသား ၄ ဦးအတွက် အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေနဲ့တိုင်ပင်ကာ ခရိုင်တရားရုံးကို အယူခံဝင်သွားမယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024