ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ပြည်သူ့ပါတီအလုပ်မှုဆောင် ကိုအာကာအောင်ကို အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ကန်ကြီးထောင့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ရန်ကုန်မြို့မှာသွားရောက်ရှောင်တိမ်းနေချိန် ဇွန်လ ၂၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရကာ ဒီကနေ့ အမိန့်ချလိုက်တာလို့ ညီဖြစ်သူ ကိုစည်သူအောင်ကပြောပါတယ်။
"ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ပြီး ထောင် ၃ နှစ်ချတယ်လို့ ကြားတယ် ဘယ်မှာချတယ်ဆိုတာလည်းမသိရဘူး သွားတွေ့လို့လည်း မရဘူး'' လို့ ပြောပါတယ်။
နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက မတရားပုဒ်မတပ်ဖမ်းဆီး တရားစွဲထောင်ချတာနဲ့ မတရားသတ်ဖြတ်တာတွေကိုရပ်တန့်ဖို့၊ အရေးတော်ပုံအောင်မြင်ဖို့နဲ့ ထောင်ထဲရောက်နေတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက် အကောင်းဆုံးလုပ်ပေးနိုင်ဖို့ တောင်းဆိုတယ်လို့လည်း သူ့ရဲ့ညီဖြစ်သူက ဆိုပါတယ်။
ထောင်ဒဏ် ၃ နှစ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုအာကာအောင်ကို အင်းစိန်ထောင်ကိုပို့ထားပြီး ညီဖြစ်သူ ကိုစည်သူအောင်ကိုလည်း ကန်ကြီးထောင့် မြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားတယ်လို့ ရှေ့နေအသိုင်းဝိုင်းက သိရပါတယ်။