Home
မြန်မာသတင်း
တိုင်းမ်မဂ္ဂဇင်း၏ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် မြန်မာလူငယ် အမျိုးသမီး ၂ ဦး ပါဝင်
DVB
·
September 15, 2021
ei
Mi-mi
time

တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက်ရွေးချယ်ထားတဲ့ ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာလူငယ် အမျိုးသမီး ၂ ယောက်ပါဝင်လာပါတယ်။

ရွေးချယ်ခံရသူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စု ဒုတိယဝန်းကြီး မအိသဉ္စမောင်နဲ့ တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ မအက်စတာဇေနောတို့ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က မတရား အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ ပထမဆုံး ဆန့်ကျင်ဆန္ဒပြတာကို ဦးဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ရှမ်းနီတိုင်းရင်းသား လူငယ်တယောက်ဖြစ်တဲ့ မအိသဉ္စာမောင်ဟာ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဆက်တိုက်ပါဝင်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူငယ်ခေါင်းဆောင်တယောက်ဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

ကချင်တိုင်းရင်းသား လူငယ်တယောက်ဖြစ်တဲ့ မအက်စတာဇေနောကတော့ စစ်ရှောင်လူငယ်တွေအတွက် စာကြည့်တိုက်တွေ လိုက်လုပ်ပေးတဲ့ လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှာလည်း ပါဝင်ပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အိုင်စီဂျေမှာ မြန်မာနိုင်ငံတရားစွဲခံရချိန် လူထောင်ပေါင်းများစွာ ရန်ကုန် မဟာဗန္ဓုလ ပန်းခြံရှေ့မှာစုရုံးပြီးကန့်ကွက်ဆန္ဒပြကြတုန်းက သူတို့နှစ်ယောက်ဦးဆောင်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ကြောင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

မမီမီအောင်

အလားတူ တိုင်းမ်မဂ္ဂဇင်းက ၂၀၂၁ ခုနှစ်အတွက်ရွေးချယ်ထားတဲ့ ကမ္ဘာ့ဩဇာအရှိဆုံးသူစာရင်းရဲ့ ဆန်းသစ်တီထွင်သူတွေအထဲမှာ မြန်မာအမျိုးသမီး အင်ဂျင်နီယာ မမီမီအောင် လည်းပါဝင်ပါတယ်။

မမီမီအောင်ဟာ အမေရိကန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ (NASA) မှာ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ယူထားသူပါ။ အင်္ဂါဂြိုဟ်ကို စူးစမ်းလေ့လာဖို့အတွက် ကမ္ဘာ့ပြင်ပ ဂြိုဟ်တခုပေါ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် Ingenuity လို့နာမည်ပေးထားတဲ့ယာဉ်ကို ဖန်တီးခဲ့ကြရာမှာ မမီမီအောင်ဟာ ဦးဆောင် ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

PhotoCredit-TIME

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013