ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ဟောင်းလည်းဖြစ် ကလေး မြို့မရဲစခန်းကနေ ပြည်သူနဲ့ပထမဆုံးပူးပေါင်းပြီး CDM လုပ်ဆောင်ခဲ့သူလည်းဖြစ်တဲ့ ကိုလှမျိုးထွဋ် ဟာ သူ့ရဲ့ ဇာတိဒေသဖြစ်တဲ့ မင်းကင်းမှာ ကျဆုံးသွားပါတယ်။
လက်ရှိမှာ ကျဆုံးတယ်ဆိုတာကိုသာ အတည်ပြုနိုင်သေးပြီး ဘယ်နေ့က ဘယ်လိုကျဆုံးတယ်၊ ဘာကြောင့်ကျဆုံးတယ်ဆိုတာကို စုံစမ်းနေဆဲပဲလို့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
"ကျဆုံးတယ်ဆိုတာပဲ သိရသေးတယ်။ ဘယ်လိုကျဆုံးတယ်၊ ဘယ်နေ့က ကျဆုံးတယ်ဆိုတာ ထပ်ပြီးစုံစမ်းနေပါတယ်။"
ကိုဇော်မျိုးထွဋ်ဟာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ CDM ပြုလုပ်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ တခြားCDMရဲဝန်ထမ်းတွေနဲ့အတူ သွားရောက်ခိုလှုံခဲ့ပါတယ်။
အဲဒီနောက်ပြည်တွင်းကို ပြန်ဝင်လာခဲ့ပြီး ကလေး PDFနဲ့ ပူးပေါင်းကာ အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ခဲ့တယ်လို့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။
ကိုဇော်မျိုးထွဋ်ဟာ မကြာသေးခင်ကပဲ သူ့ဇာတိဖြစ်တဲ့ မင်းကင်းကိုပြန်သွားခဲ့တာဖြစ်ပြီး အဲဒီမှာပဲ ကျဆုံးခဲ့တာပါ။
ကိုဇော်မျိုးထွဋ်ရဲ့ စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်နဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့တာတွေအတွက် ကျောင်းသားထုအားလုံးကမှတ်တမ်းတင် ဦးညွတ်အလေးပြုတယ်လို့ ကလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။