Home
မြန်မာသတင်း
ကလေးတက္ကသိုလ် ဆရာနှင့်ကျောင်းသားများကို ဒေသခံကာကွယ်ရေးတပ်က ထိန်းသိမ်းထား
DVB
·
February 27, 2024
kalay 2722024

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမ ၅၀ ကျော်ကို ကလေးဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ခေါ်ယူထိန်းသိမ်းထားတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်က ကလေးဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က တက္ကသိုလ်ဝင်းထဲအထိ ဝင်ရောက်ကာ ကျောင်သားတွေနဲ့ ဆရာ၊ ဆရာမ‌တွေကို ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။

CDF-KKG ဌာနချုပ် တာဝန်ခံတဦးက “ကျနော့်အမြင်ပြောရရင် သူတို့ (စကစ) ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ကူနေတာဆိုတော့ အန္တရာယ်ဖြစ်မှာစိုးလို့ ကျောင်းဝင်းထဲက ကျောင်းသားတွေကို ကယ်ထုတ်တဲ့သဘောပါ။ ဒါမှလည်း စစ်ဆင်ရေးက ဆက်လုပ်လို့ရမှာလေ။ အရေးယူတဲ့အပိုင်းတွေတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ သတင်းစာတွေမှာတော့ စစ်တပ်က ကလေးတက္ကသိုလ်က ဆရာ၊ ဆရာမ ဝန်ထမ်းတွေနဲ့ ကျောင်သား ၂၈၅ ယောက်ကို ကယ်ထုတ်ထားနိုင်ပြီး ဖမ်းဆီးခံထားရသူတွေ ရှိနေတယ်လို့ ရေးသားထားပါတယ်။

ကလေးပြည်သူ့အုပ်ချုပ်ရေးရုံး တာဝန်ခံတဦးက “အခုထိတော့ ကျမတို့ဘက်ကို မရောက်လာသေးဘူး။ လူကြီးပိုင်းတွေကတော့ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး စာထုတ်ပြန်မယ် ပြောတယ်။ ကျမတို့ဘက် ရောက်လာတဲ့အခါ သူတို့တွေကို စစ်ဆေးတာတွေရှိမယ်။ သူတို့ စစ်ကောင်စီနဲ့ ဆက်နွှယ်မှုရှိလား၊ မရှိလားပေါ့။ အပြစ်မရှိတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးမှာပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနက်က ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနဲ့ ကလေးတက္ကသိုလ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ထိုးစစ်ဆင် စတင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူတွေ အသုံးပြုခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကစတင်ပြီး ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဘက်က ကလေးမြို့အနီးရှိ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ခိုက်မှုတွေအ‌တွင်း အရပ်သားသေဆုံးသူတွေလည်း ရှိပါတယ်။

ဓာတ်ပုံ-Kalay University

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024