ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ဖေဖော်ဝါရီ ၂၅ ရက်အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ချအညံ့ခံသူ ၁၄ ယောက်၊ သေဆုံးသူ ၃၀ ယောက်ရှိပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်တွေထံက လက်နက်မျိုးစုံ ၄၆ လက်နဲ့အတူ ခဲယမ်းတွေကို KNLA၊ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပါတယ်။
အာရှလမ်းပိုင်းနဲ့ မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အထူး စစ်ဆင်ရေးတပ်ဖွဲ့ (SOF)က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းပြီး ကော့ကရိတ်ကို ပြန်လည်ထိန်းချုပ်ဖို့ လုပ်ဆောင်နေပေမဲ့ စစ်ကောင်စီတပ်ဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေပြီဖြစ်လို့ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူက ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်ပွားနေပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း KNLA၊ ပူးပေါင်းတပ်ဖွဲ့ဘက်က ၉ ယောက် ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခံရသူ သေဆုံးသူနဲ့ ဒဏ်ရာရှရှိမှုအခြေအနေကိုတော့ ဒီဗွီဘီက အတည်မပြုနိုင်သေးပါဘူး။
ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၃ နာရီလောက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက် ကြားအင်းကုန်းက ဦးမာမက်သစ်စက်အနီး နေအိမ် ၁၀ လုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က နှစ်ဘက်တိုက်ပွဲအတွင်း ဓာတ်ဆီပုံးတွေကို အီနာဂါဗုံးတွေနဲ့တွဲပြီး ကြဲချတာတွေကြောင့် မီးလောင်ပျက်စီးတာတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီလောက်မှာ အမှတ် ၇ တံတားဦးရပ်ကွက်၊ ပန်းခြံနဲ့ကပ်လျက် ဈေးဆိုင်ခန်းနဲ့ နေအိမ်တွေကို စစ်ကောင်စီရဲ့ ခလရ ၉၇ က မျက်ကွယ်အကြောင်းပြချက်နဲ့ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ရှောင်ပြည်သူတွေရဲ့ ဈေးဆိုင်ခန်းနဲ့ နေအိမ် ၁၀၀ နီးပါးမီးလောင် ပျက်ဆီးခဲ့ပါတယ်။
ကော့ကရိတ်မှာ နေအိမ်အားလုံးနီးပါး ပျက်စီးနေ ပြီဖြစ်လို့ ပြန်လည်ထူထောင်ဖို့က ကြိုးစားယူရမယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်ပြီး ကော့ကရိတ် မြို့တွင်းမြို့ပြင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၁ သိန်းနီးပါးဟာ စစ်ရှောင်စခန်း ၁၀၀ နီး ပါးစစ်ဘေးရှောင်နေ ပါတယ်။
စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အတူ စစ်ရှောင်ပြည်သူတွေဟာ စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
အောင်ခန့်