လက်ရှိအချိန်က အာဏာရှင်ကိုတော်လှန်ဖို့ အချိန်ကောင်းဖြစ်တာကြောင့် အာဏာရှင်ပြုတ်ကျတဲ့အထိ ပြည်သူအားလုံးနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ ပြည်သူတွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်တခုကိုလည်း SSPP/SSA က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ SSPP/SSA အနေနဲ့ စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ အခုလို အလွှာပေါင်းစုံပါဝင်တဲ့ တော်လှန်မှုမရှိခဲ့တာကြောင့် ဒီအချိန်က စစ်အာဏာရှင်စနစ်ကို တော်လှန်ဖို့ အားလုံးပါဝင်တဲ့ တော်လှန်မှုဖြစ်အောင် တော်လှန်ရေး သတိပေးချက်တခုအနေနဲ့လည်း အဲဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တာလို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။
အခုလို ပြောဆိုမှုကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ဖိအားပေးတိုက်ခိုက်မှုတွေရှိလာမှာကိုလည်း စိုးရိမ်ဖို့မလိုဘူးလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကို ဖြတ်ချပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့အတွက် လက်ရှိအချိန်ဟာ တော်လှန်ဖို့အကောင်းဆုံးအချိန်ဖြစ်တာကြောင့် ပြည်သူလူထုအားလုံးနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စုပေါင်းအင်အားနဲ့တော်လှန်ဖို့ လိုတယ်လို့ ရှမ်းပြည်တိုးတတ်ရေးပါတီ/ရှမ်းပြည်တပ်တော် SSPP/SSA ကပြောပါတယ်။
အခုလိုမျိုး အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ တခုပြီးတခု ပေါ်ပေါ်ထင်ထင်ကြေညာပြီး အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လာတာဟာ အာဏာသိမ်းစစ်တပ်အတွက် စစ်ရေးဖိအားတွေ ပိုမိုဖြစ်ပေါ်လာပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ လိုချင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု အိမ်မက်ကလည်း ပိုမိုနီးကပ်လာပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့တဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကပါ အာဏာသိမ်းစစ်တပ်ကို အားလုံး ပူးပေါင်း တိုက်ခိုက်ကြဖို့ လူထုလုံ့ဆော်မှုတွေကို လုပ်ဆောင်လာပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့လက် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး နယ်မြေဆုံးရှုံးမှုတွေ အများအပြားရှိသလို တိုင်းစစ်ဌာနချုပ်တွေအထိပါ လက်လွှတ်ပေးလိုက်ရတဲ့အထိ စစ်ရေးရှုံးနိမ့်မှုတွေ ဖြစ်ပေါ်နေတာပါ။
အောင်သူ