Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် သံဃာအပါး ၆၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 13, 2021
241663751_1268942710223513_374111869033987403_n

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စနေနေ့ကစ  ကျန်းမာရေး ဆိုင်ရာတာဝန်ရှိသူတွေက ဘုန်းကြီးကျောင်းနဲ့စာသင်တိုက်တွေကို ကွင်းဆင်းပြီး ကိုဗစ်-၁၉ ရောဂါပိုးရှာဖွေစစ်ဆေးပေးနေရာမှာ စက်တင်ဘာ ၁၂ ရက် အထိ အပါး ၆၀ ကျော် ကူးစက်ခံထားရပါတယ်။ 

အထူးသဖြင့် သံဃာတော် ၂၅ ပါးနဲ့အထက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေ လိုက်လံ စစ်ဆေးပေးနေတာဖြစ်ပြီး နမ္မတူမြို့ပေါ်ရှိ ရွှေမြင်သာကျောင်းတိုက်၊ နမ္မတူ ဘုရားတောင်ပေါ်ဝေယျာဝိစ္စကျောင်းတိုက်၊ ရွှေတောင်ချမ်းသာကျောင်းတိုက်၊ ဆိုက်ခေါင်ရွာ တုန့်ဟုန်းခမ်း ကျောင်းတိုက်၊ ဣစ္ဆာသယမြို့လယ်ကျောင်းတိုက်တွေမှာ သွားရောက်စစ်ဆေးရာက သံဃာ အပါးပေါင်း ၆၀ ကျော်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတာလို့ နမ္မတူမြို့ မေတ္တာရှင်ပရဟိအသင်းမှ ကိုချစ်မွှေးက ဒီဗွီဘီကို ပြောပါတယ်။ 

“စပြီးသွားစစ်တာကတော့ ၁၁ ရက်နေ့ကပေါ့နော်၊ နမ္မတူ ပန်ဟိုက်ရပ်ကွက်ရွှေမြင်သာကျောင်းမှာ  သံဃာ ၉၁ ပါးနဲ့ သီလရှင် ၂ ပါးကိုစစ်တာ အဲဒီထဲက ပိုးတွေ့တာ ၄၆ ပါး ၊ မနေ့က နမ္မတူတောင်ပေါ်ဘုရား ဝေယျာဝစ္စကျောင်းတိုက်မှာ ၆၆ ပါးစစ်တယ်။ သာမဏေ ၆ ပါးပိုးတွေ့တယ်။ ရွှေတောင်ကျောင်းမှ ၃၅ ပါးစစ်တာ အကုန်နက်ကတစ်ပ်။ ပြီးတော့ ဒီကနေ့ ဆိုက်ခေါင်ရွာတုန့်ဟုန်းခမ်းကျောင်းတိုက်မှာ ၃၆ ပါးစစ်တာ သာမဏေ ၃ ပါးပိုးတွေ့ပြီး မြို့ လယ်ကျောင်းမှာ ၃၇ ပါးစစ်တဲ့ထဲက ဦးဇင်း ၄ ပါးနဲ့ သာမဏေ ၂ ပါးမှာ ပိုးတွေ့ပါတယ် ၊ စုစုပေါင်း ၆၁ ပါးကူးစက်ခံထားရပါတယ်  ”

ကူးစက်ခံရတဲ့ သံဃာတွေမှာ အခြေအနေဆိုးတဲ့လက္ခဏာမရှိကြောင်း၊ သူတို့တွေအတွက် သတ္တုတွင်းသင်တန်းကျောင်းယာယီကုသရေးစင်တာမှာ နေရာထိုင်ခင်း ပြင်ဆင်ပေးထားပေးပါတယ်။

ဒါပေမဲ့ ကျောင်းတိုက်တိုင်းမှာ ကျယ်ဝန်းတဲ့နေရာ၊ သီးသန့်အဆောင်တွေလည်းရှိလို့ သက်ဆိုင်ရာကျောင်းက ဆရာတော်တွေဆန္ဒအရ အဆိုပါကျောင်းတိုက်တွေမှာပဲ ထားရှိတယ်လို့ ဆိုပါတယ်။ 

ပိုးတွေ့သံဃာရှိရာ ကျောင်းတိုက်တွေကို ပရဟိတအဖွဲ့တွေက ပိုးသတ်ဆေးဖျန်းထားပြီး အသွားအလာကန့်သတ်ထားကြောင်း ၊ နောက်ရက်တွေမှာလည်း ကျန်ရှိသေးတဲ့ ကျောင်းတိုက်တွေ သီလရှင်ကျောင်းတွေကို ဆက်လက်စစ်ဆေးသွားဖို့ အစီအစဉ်ရှိပါတယ်။

နမ္မတူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး စက်တင်ဘာ ၁၂ ရက် အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၄၈၉ ဦး ၊ သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရသူ ၃၁၆ ဦးနဲ့ သေဆုံးသူ ၁၅ ဦး၊ ကုသဆဲလူနာ ၁၅၈ ဦးရှိပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းမှာ နမ္မတူမြို့နယ်အပြင် လားရှိုး၊ ကျောက်မဲ၊ စတဲ့မြို့နယ်တွေမှာလည်း ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာလိုက်ပြီး ကိုဗစ် -၁၉ စစ်ဆေးပေးနေပါတယ်။   

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013