မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာအနီး စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင်ကို စက်တင်ဘာလ ၁၂ ညက ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနေ့က မိုင်တဲသုံးလို့ရသေးတယ်။ ဒီနေ့မနက်မိုးလင်းတော့ သုံးမရတော့ဘူး။ အဲဒီခြံဝင်းထဲက မိုင်တဲစက်တွေလည်း ပျက်စီးနေတာ မြင်ခဲ့တာဘဲ။ ဓာတ်ပုံတော့မရိုက်ရဲလို့ မရိုက်ခဲ့ဘူး” လို့ ပြောပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့က အိုးပေါက်ရွာနဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ကုက္ကိုကုန်းကျေးရွာအနီးက Mytel တာဝါတိုင်ဖျက်ဆီးခံရလို့ ရွာသား သေဆုံးတဲ့အထိ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အိုးပေါက်ကျေးရွာအနီးက Mytel တာဝါတိုင် ဖျက်ဆီးခံရမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။