မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်က မင်းရွာရဲစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်းက ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF နဲ့ မင်းတပ် CDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၃၅ ယောက် သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF နဲ့ မင်းတပ် CDF တို့ပူးပေါင်းပြီး မနက် ၂ နာရီလောက်မှာ မင်းရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဲဒီရဲစခန်းက ၅ ယောက်နဲ့ စစ်ကူလာတဲ့ အယောက် ၃၀ သေဆုံးခဲ့တယ်လို့ YDF က ဆိုပါတယ်။
အခုလို တိုက်ခိုက်ရတာဟာ ဂန့်ဂေါမြို့နယ်မှာ ကျဆုံးသွားတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ သွေးကြွေးကို ပြန်ယူတာဖြစ်ပြီးတော့ YDF တပ်ဖွဲ့ဘက်က ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုတွေဟာ ဂန်ဂေါမြို့နယ်ထဲက ကျေးရွာတစ်ချို့ကို ဝင်ရောက် ပစ်ခတ်မီးရှို့ ဖျက်ဆီးပြီး ရိက္ခာ၊ ပစ္စည်းနဲ့ ငွေကြေးတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိခဲ့မှုနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။