မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက် ၄၅ လမ်းနဲ့ ၄၆ လမ်းကြား၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ Non CDM ကျောင်းဆရာမရဲ့ နေအိမ် စက်တင်ဘာ ၁၁ ရက် ည ၇ နာရီလောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံလိုက်ရပါတယ်။
ဒီလို လက်လုပ်ဗုံးနဲ့ ပစ်ခံရတာဟာ ၃ ကြိမ်ရှိပြီဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့က တစ်ကြိမ်၊ စက်တင်ဘာလ ၇ ရက်နေ့က တစ်ကြိမ် လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။
ရပ်ကွက်နေ ပြည်သူ တစ်ဦးက “အဲ့ဒီဆရာမ အိမ်က သုံးခါရှိပြီ လက်လုပ်ဗုံးပစ်ခံရတာ။ အခုဗုံးကတော့ တော်တော်လေးပြင်းတယ်။ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတာမရှိဘူး” လို့ ပြောပါတယ်။
ဆိုင်ကယ်နဲ့ အမည်မသိ လူနှစ်ယောက်က လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ကားနဲ့ ရောက်လာခဲ့ပါတယ်။
ဒါ့အပြင် ၄၅ လမ်း နဲ့ မနော်ဟရီပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီ တပ်သားတွေ လှည့်လည်နေကြတယ်လို့ သိရပါတယ်။
အဲ့ဒီဆရာမဟာ စစ်ကောင်စီ ယန္တရား လည်ပတ်ဖို့ ရပ်ကွက်အတွင်း ဧည့်စာရင်း ကိစ္စတွေလုပ်နေတဲ့အပြင် CDM ဆရာ ဆရာမတွေကိုလည်း ဖိအားပေးစည်းရုံးတာတွေရှိတယ်လို့ သိရပါတယ်။