နိုင်ငံအတွင်းမှာရှိတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေ အများအပြား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် Mytel နဲ့ MPT ဆက်သွယ်ရေးတာဝါတိုင်တွေကို လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကောင်စီညွှန်ကြားစာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
နိုင်ငံအတွင်းက နယ်မြေတွေမှာ တယ်လီဖုန်းတာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးခံနေရပြီး စက်တင်ဘာ ၉ ရက် တစ်ရက်တည်းကို ဆက်သွယ်ရေးတာဝါတိုင် ၃၆ ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
ဖောက်ခွဲဖျက်ဆီးခံရတဲ့အထဲမှာ စစ်ကိုင်းတိုင်းက ၂၂ နေရာနဲ့ အများဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး တာဝါတိုင်တွေ ဖျက်ဆီးခံရမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေး(ပထရ) ဝန်ကြီးက ဆုပေး၊ ဒဏ်ပေးစနစ်ကျင့်သုံးရေးနဲ့ အစီအမံတွေကို တင်ပြဆောင်ရွက်ကြဖို့ မှာထားပြီး ဖြစ်တယ်လို့ လျှို့ဝှက်စာမှာ ပါရှိပါတယ်။
လုံခြုံရေးဆောင်ရွက်ရာမှာ Mytel နဲ့ MPT ဆက်သွယ်ရေးတာဝါတိုင်တွေကိုသာ အဓိက ဦးစားပေးဆောင်ရွက်ဖို့ ညွှန်ကြားထားတာဖြစ်ကာ ရဲစခန်းတွေနဲ့ ခုနှစ်မိုင်အတွင်းရှိနေတဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ ဖျက်ဆီးမခံရရေး ကြပ်မတ်ဆောင်ရွက်ဖို့သက်ဆိုင်ရာ စခန်းမှူးတွေကို ညွှန်ကြားထားပြီး ခုနှစ်မိုင်ထက်ဝေးတဲ့ တာဝါတိုင်တွေဖြစ်ပါက တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။
NUG အစိုးရက စင်တင်ဘာ ၇ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာ နိုင်ငံအတွင်းမှာရှိတဲ့ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေ အများအပြား နေ့စဉ် ဖောက်ခွဲဖျက်ဆီးခံနေရတာ ဖြစ်ပါတယ်။
Mytel တာဝါတိုင်တွေလုံခြုံရေးအတွက် စစ်ကောင်စီတပ်တွေက မိုင်းထောင်ထားတာနဲ့ ဗို့အားပြင်းတဲ့ လျှပ်စစ်ဓာတ်အားလွှတ်ထားတာတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။