ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အလားအလာကောင်းတဲ့ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့ ရေမြေရာသီဥတုအပေါ်မူတည်ပြီး ဒေသအလိုက် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
အဆိုပါ စီမံချက်အတွက်ဦးစွာ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ဆီစားသုံးမှုနဲ့ ဆီအမျိုးအစားအား စစ်တမ်းကောက်ယူမှာ ဖြစ်သလို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း စစ်တမ်းကောက်ယူသွားမယ်လို့ သိရ ပါတယ်။
ဒီစစ်တမ်းပေါ် အခြေခံကာ ပြည်တွင်းစားသုံးမှု ဖူလုံရေးနဲ့ ပို့ကုန်တိုးမြှင့်ရေး အစီအမံတွေရေးဆွဲ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နေပြည်တော်မှာ စက်တင်ဘာ ၈ ရက်နေ့ပြုလုပ်တဲ့ မြန်မာနိုင်ငံရဲ့ စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆီစက်ပေါင်း ၃၀၀၀ ကျော် ရှိတဲ့အနက် ဆီစက် ၂၀၀ ကျော်သာ လည်ပတ်နိုင်ပါတယ်။ မျိုးကောင်းမျိုးသန့်မရှိတာ၊ ထွက်နှုန်းအာမခံချက်မရှိတာ၊ ဆီထွက်သီးနှံအတွက် သွင်းအား စုစရိတ်ကြီးမားတာ စတဲ့အခြေခံအကြောင်းရင်းတွေကြောင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုက လျှော့ကျနေရတာပါ။
ဆီလုပ်ငန်းရှင်တဦးက “ကျနော်တို့ နိုင်ငံမှာ အများဆုံးစားသုံးနေတာက စားအုန်းဆီနဲ့ (အရော)စပ်ဆီပေါ့။၊ သူ့နောက်မှာ နေကြာဆီ၊ မြေပဲဆီနဲ့ နှမ်းဆီပေါ့နော်။ အခု ကျနော်တို့ မွေးမြူရေးအစာကို ပြည်ပကနေ တင်သွင်းရတဲ့ အကြောင်းရင်းက ပြည်တွင်းမှာ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းနေလို့ပါ။ ဥပမာ ပဲပုနဲ့ နေကြာဆိုရင် တိရစ္ဆာန်အစာလည်း ရပါတယ်ဗျာ။ တကယ်လို့ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုသာ များလာရင် ကျနော်တို့ နိုင်ငံအပါအဝင် တောင်သူနဲ့ စားသုံးသူ အတွက် အကျိုးခံစားရမှာ အမှန်ပဲ” လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းဆီစားသုံးမှု ပမာဏက တနှစ်ကို ဆီတန်ချိန် ၁၀ သိန်းလောက်ရှိပြီး ပြည်တွင်းမှ ထုတ်လုပ်နိုင်မှု ပမာဏက တန်ချိန် ၄ သိန်းခွဲခန့်သာရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ပြည်တွင်းစားသုံးမှု ပမာဏဖူလုံဖို့ အတွက် စားသုံးဆီကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် အရည်အသွေးမြင့်တဲ့ စားသုံးဆီဖြစ်ဖို့ လိုပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေအရ ပြည်တွင်းစားသုံး မှုအတွက် နှစ်စဉ် စားအုန်းဆီတင်သွင်းမှုက တန်ချိန် ၇ သိန်းခန့် ရှိရာကနေ ၂၀၂၀ ပြည့်နှစ်မှာ တန်ချိန် ၈ သိန်းအထိတိုးလာတာတွေ့ရပါတယ်။
ဒါကြောင့် ပြည်ပမှ နှစ်စဉ် စားအုန်းဆီတင်သွင်းမှုအတွက် နိုင်ငံခြားငွေ လိုအပ်ချက်က အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် ရှိနေပါတယ်။