ပဲခူးတိုင်း၊ ပေါင်းတည်မြို့၊ ကံငယ်အုပ်စု၊ ကံငယ်ရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဦးသိန်းဇော်ရဲ့ နေအိမ်ကို စက်တင်ဘာလ ၇ ရက်နေ့ ညဦးပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိသားစုနဲ့နီးစပ်တဲ့ဒေသခံတဦးက “သူတို့မိသားစု တီဗွီကြည့်နေတဲ့အချိန် ပြတင်းပေါက်ကနေ ဗုံးနဲ့ပစ်သွားတာ။ ၁ ဦးကတော့ နေရာမှာပဲ ပွဲချင်းပြီးပဲ။ ၆ ဦး ပေါင်းတည်ဆေးရုံ ရောက်သွားပြီးမှ နောက် ၁ ဦး ထပ်ဆုံးတာ။ သေတဲ့သူ ၂ ယောက်က အမျိုးသမီးတွေ။ ကျန်တဲ့ ၅ ယောက် အခြေအနေကတော့ မသိရသေးဘူး” လို့ ပြောပြပါတယ်။
ဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ ဦးသိန်းဇော် ရဲ့ မိသားစုဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးနေတဲ့ ဒလန်မိသားစု ဖြစ်တယ်လို့လည်း ဒေသခံကျေးရွာသားတွေဆီက သိရပါတယ်။
ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး နေအိမ်မှာ ဗုံးပေါက်ကွဲပြီး စက်တင်ဘာ ၆ ရက်နေ့ကလည်း ပေါင်းတည်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မြို့ပေါ်နေရာအနှံ့ စစ်ကောင်စီတပ်သားတွေ ရှိနေတယ်လို့ သိရပါတယ်။