မန္တလေးမြို့မှာ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က စက်တင်ဘာ ၇ ရက်က စတင်ပြီး ဆန် ငါးသေတ္တာဆီသွတ်ဘူးတွေကို မူလဈေးနှုန်းအတိုင်း လိုသလောက် ရောင်းချပေးနေတယ်လို့ သိရပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ အခြေခံစားသောက်ကုန်တွေကို အလုအယက်ဝယ်ယူနေကြတာကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာပြီး အဆမတန် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ အခုလို မူလဈေးနှုန်းအတိုင်း ရောင်းချပေးတာဖြစ်ပါတယ်။
ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က ဆန်စက်လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး ဆန်တွေကို မူလဈေးနှုန်းအတိုင်း ရောင်းချပေးနေသလို ဆီသွတ်ဘူးတွေကိုလည်း မူလဈေးနှုန်း အတိုင်း ရောင်းချပေးနေတာပါ။
မကြာခင်ရက်ပိုင်းအတွင်း ဆီစက်လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး စားသုံးဆီတွေကို မူလဈေးနှုန်းအတိုင်း ရောင်းချပေးမယ်လို့ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။
“မလိုအပ်ဘဲ ကြောက်လန့်ပြီး ပစ္စည်းတွေ စွတ်ဝယ်ရင် ကုန်ဈေးနှုန်းတွေ ချက်ချင်း တက်လာမှာပါ။ တစ်နေ့လုပ်တစ်နေ့စားရတဲ့သူတွေအတွက် ဒီကုန်ဈေးနှုန်းတွေကြားမှာ ငတ်အောင် မလုပ်ကြပါနဲ့။ ဈေးမတင်ခြင်းဖြင့်လည်း ကူညီရာရောက်ပါတယ်” လို့ ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က မနောသုခဆန်တစ်အိတ်ကို ၂၉၀၀၀ ကျပ်၊ ငါးသေတ္တာဆီသွတ်ဘူးကြီးတစ်ဘူးကို ၆၅၀ ကျပ်နဲ့ ရောင်းချပေးနေပြီး မန္တလေးမြို့ပေါ်မှာ ဝယ်ယူသူတွေကို အိမ်တိုင်ရာရောက်အခမဲ့ ပို့ဆောင်ပေးနေပါတယ်။
အမှန်တကယ်လိုအပ်သူတွေဆီ ပိုမိုရောက်ရှိစေဖို့ လိုအပ်သလောက်သာ ဝယ်ယူကြဖို့ မေတ္တာရပ်ခံထားပါတယ်။