စစ်တပ်နဲ့ ရဲကင်းအနီးက နေအိမ်တွေရှိ ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားပေးကြဖို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရေးမြို့နယ် PDF ကတော့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်ပွဲစတင်ကြောင်း ကြေညာလိုက်တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အပြီးသတ် ချေမှုန်းသွားတော့မှာ ဖြစ်တာကြောင့် ပြည်သူတွေ လိုက်နာကြဖို့ အရေးပေါ် ကြေညာချက်ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာ မလုပ်ကြဖို့နဲ့ လိုအပ်တာတွေ စုဆောင်းပြီး သတင်းပေးကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ရုံးတက်တာတွေ မလုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့လည်း ပြည်သူ့ရင်ခွင်ကို ခိုလှုံပေါင်းလိုပါက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်နိုင်တယ်လို့ ရေး PDF က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီ စစ်တပ်၊ လက်ပါးစေတွေ၊ ဒလန်နဲ့ ပျူစောထီးအဖွဲ့ အားပေးအားမြှောက်နေတဲ့ အဓမ္မသမားတွေကို ချေမှုန်းသွားမယ်လို့ ဆိုထားပါတယ်။
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ရဲတပ်သား တစ်ဦးကို အနီးကပ် ပစ်သတ်ပြီး သုတ်သင်ရှင်းလင်းထားပါတယ်။