မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် နဲ့ နတ်မောက်မြို့နယ်တို့မှာ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက နေရာသုံးနေရာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
တောင်တွင်းကြီးမြို့နယ်၊ အမှတ် ၁၀၃ ခြေမြန်တပ်ရင်းမှာ စက်တင်ဘာ ၇ ရက် မနက် ၄ နာရီ ၃၀ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် နတ်မောက်မြို့နယ် မြန်မာ့စီပွားရေးဘဏ်အနီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးယူထားတဲ့နေရာမှာ မနက် ၄ နာရီ ၃ မိနစ်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ကုလားရှင်ကျေးရွာမှာလည်း စစ်ကောင်စီရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ မနက် ၅ နာရီခွဲလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။
ဗုံးဖောက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကို အတိအကျမသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
တောင်တွင်းကြီးမြို့နယ် နဲ့ နတ်မောက်မြို့နယ်တို့မှာ ဗုံးတိုက်ခိုက်တာတွေကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
နတ်မောက်မြို့နယ်အတွင်း နေထိုင်လျက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေး ဒလန်များနှင့် ပြည်သူလူထုနှင့် ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီအလိုကျ ပြည်သူ လူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆောင်ရွက်နေသည့် စစ်တပ်နှင့် ရဲဝန်ထမ်းတို့အပါအဝင် CDM ဆောင်ရွက်ခြင်းမရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြီးခဲ့တဲ့လပိုင်းက မကွေးလေတပ် တိုက်ခိုက်မှု၊ တောင်တွင်းကြီးရဲစခန်းတိုက်ခိုက်မှု၊ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ် တိုက်ခိုက်မှုနဲ့ မြို့သစ်မြို့လျှပ်စစ်ရုံးတိုက်ခိုက်မှု စတဲ့ ဗုံးဖြင့် တိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။