စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ဆိပ်မှာ စစ်ကောင်စီတပ်က ရေကင်းဂိတ်တွေချထားပြီး ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ စက်လှေတွေဆီကနေ ငွေကြေး တောင်းခံနေတယ်လို့ စက်လှေပိုင်ရှင်တွေက ပြောပါတယ်။
အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက “ကျနော်တို့ ကနီမြို့ရေယာဉ်စစ်ဆေးရေး ဂိတ်မှာ လက်မှတ်ထိုးရတယ်။ အရင်က စက်လှေတစ်စီးကို ကျပ် ၃၀၀၀ ပေးရတယ်။ အခုကျတော့ ၅၀၀၀ တိုးကောက်တယ်။ ကနီမြို့နယ်အတွင်းမှာ စစ်ဆေးရေးဂိတ်က ၃ ဂိတ်ရှိတော့ အသွား၊ အပြန်ပေးရတော့ ကျနော်တို့ မော်တော်ပိုင်ရှင်တွေ မသက်သာဘူးဗျာ။ မပေးရင်လည်း အသက်အန္တရာယ်ပေးမှာ ကြောက်တော့ ပေးနေရတယ်” လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်း မော်တော်ရေယာဉ်တွေဆီကနေ တောင်းယူလို့ရတဲ့ ငွေကြေးခွဲဝေယူမှု မညီမျှတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေအကြား အချင်းချင်း သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ရှိနေပါတယ်။
အခုလို ရေယာဉ်တွေဆီကနေ မတရားဂိတ်ကြေး တောင်းယူနေတာကို တတ်နိုင်တဲ့ အဖွဲ့အစည်း တခုခုအနေနဲ့ ဖြေရှင်းပေးဖို့ ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ ရေယာဉ်တွေက အကူအညီ တောင်းခံခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း သွားလာနေတဲ့ မော်တော်ရေယာဉ်မှန်သမျှကို ပန်းဆက်ကျေးရွာအခြေစိုက် ပျူစောထီးအဖွဲ့က နေ့စဉ် ဆက်ကြေး တောင်းခံနေတယ်လို့ မော်တော်သမားတွေထံကနေ သိရပါတယ်။
ဓာတ်ပုံ- (ယခင်ပုံဟောင်း)